ကရင်နီပြည်နယ်တွင် PDF များ ထွက်ပြေးသည်ဟု စစ်ကောင်စီလော်ဘီများ ဝါဒဖြန့်

By JC (မဇ္ဈိမ)
06 June 2023
ကရင်နီပြည်နယ်တွင် PDF များ ထွက်ပြေးသည်ဟု စစ်ကောင်စီလော်ဘီများ ဝါဒဖြန့်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်မှ PDF ၁၂ ဦး လက်နက်နှင့်တကွ ထွက်ပြေးခဲ့သည်ဟူသောသတင်း ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။

“NUG အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ရင်း(၁၁၀၂)နှင့် ရင်း(၁၁၀၇)မှ PDF အကြမ်းဖက် အဖွဲ့ဝင် ၁၂ ဦးသည် လက်နက် ခုနစ်လက်နှင့်ထွက်ပြေးသွားကြောင်း၊ ထွက်ပြေးလာသူများသည် ပဲခူး၊ လယ်ဝေးနှင့် ပျဉ်းမနားမြို့နယ်များတွင်နေထိုင်သူများဖြစ်ပြီး လူမျိုးရေးခွဲခြားသဖြင့် ထွက်ပြေးသည်” ဟု “Kyaw Swar” တယ်လီဂရမ်ချန်နယ်တွင် ဇွန်လ ၂ ရက်နေ့၌ ဖြန့်ဝေထားသည်။

အဆိုပါအကြောင်းအရာကို အခြားတယ်လီဂရမ်ချန်နယ် ခြောက်ခုတွင်ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၃၀,၀၀၀ နီးပါးရှိနေကာ ဖေ့စ်ဘုတ်စာမျက်နှာတွင်လည်း ပျံ့နှံ့လျက်ရှိသည်။

ထို့အပြင် “Ko Thet ၊ မှိုင်းဝေ၊ DGF21News” အပါအဝင် အခြားတယ်လီဂရမ်ချန်နယ် ၁၅ ခုတွင်လည်း အဆိုပါအကြောင်းအရာအား “ကယားတွေက ဗမာငတုံးတွေကို အနိုင်ကျင့်နေပြီ..အတာကို ခံပေါ့” (မူရင်း အရေးအသားအတိုင်း) ဟု ဖြန့်ဝေထားရာ ကြည့်ရှုသူ ၄၃,၀၀၀ ကျော်ရှိနေပြီဖြစ်သည်။

မဇ္ဈိမအနေဖြင့် အဆိုပါအကြောင်းအရာအား အချက်အလက်စစ်ဆေးခဲ့ကာ အမျိုးသားညီညွတ်ရေးအစိုးရ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာ ဝန်ခံအား မေးမြန်းခဲ့သည်။

၎င်းက သတင်းမှားတွင်ဖော်ပြထားသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်း(၁၁၀၂) နှင့်(၁၁၀၇)တို့တွင် ပဲခူး၊ လယ်ဝေးနှင့် ပျဉ်းမနားမှရဲဘော်များမရှိဘဲ ဒေသခံများဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ထွက်ပြေးသူများလည်း မရှိကြောင်းနှင့် စစ်ကောင်စီထောက်ခံသူများက ဝါဒဖြန့်နေခြင်းသာဖြစ် ကြောင်း ပြောသည်။

“အားလုံးက ဒေသခံတပ်တွေဖြစ်တာကြောင့် ထွက်ပြေးစရာအကြောင်းလည်း မရှိဘူးဗျ။ ၁၁၀၂ ၊ ၁၁၀၇ ၊ ၁၁၀၆ အားလုံးက နယ်ခံတပ်ရင်းတွေဗျ။ စစ်ကောင်စီဘက်ကထုတ်တာက ဆိုက်ဝါးပဲလေနော်။ ကျနော် တို့မှာတော့ ထွက်ပြေးတိမ်းရှောင်တာလည်း မရှိဘူး၊ လက်နက်နဲ့ပြေးတာလည်း မရှိဘူး။ ပျောက်ရှတာ လည်း မရှိဘူးဗျ” ဟု ဒီးမော့ဆို ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။

အလယ်ပိုင်းတိုင်း၊ ဒီးမော့ဆို အမှတ်(၁၁၀၂)နှင့် (၁၁၀၇) တပ်ရင်းတို့မှလည်း အဆိုပါသတင်းသည် လုံးဝ မှန်ကန်မှုမရှိကြောင်းနှင့် ၎င်းတို့တပ်ရင်းမှ တပ်သားများထွက်ပြေးခြင်းမရှိသကဲ့သို့ ၎င်းတို့အနေဖြင့် လူမျိုးရေးခွဲခြားဆက်ဆံခြင်း လုပ်ဆောင်ခြင်းမရှိကြောင်း၊ စစ်ကောင်စီသည် ဝါဒဖြန့်နေခြင်းသာဖြစ် ကြောင်း ဇွန်လ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လင့် - t.ly/Iu0Q

အမျိုးသားညီညွတ်ရေးအစိုးရ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အလယ်ပိုင်းတိုင်း အထူး စစ်ဆင်ရေးအဖွဲ့မှ ရဲဘော်ကိုသေတ္တာကလည်း စစ်ကောင်စီမှ PDF များလက်နက်ချကာ အလင်းဝင်နေ ကြောင်း ဖြန့်ဝေနေခြင်းသည် ပြည်သူနှင့် ပြည်သူ့ကာကွယ်ရေးတပ်များကြား တမင်သွေးခွဲ လှုံ့ဆော်နေ ခြင်းသာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များအား စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြောသည်။

“ကျနော်တို့အဖွဲ့မှာ လက်နက်ချတာမျိုး အလင်းဝင်သွားတာမျိုး လုံးဝမရှိပါဘူး။ PDF ရဲဘော်တွေ အလင်း ဝင်ပါတယ်ဆိုပြီး စစ်ကောင်စီလက်ဝေခံတွေက သတင်းမှားတွေ တောက်လျှောက်ဖြန့်ဝေနေကြတယ်။ ခုလိုလုပ်နေတာက အခြေအမြစ်မရှိတဲ့ အပေါစားလုပ်ရပ်တွေပါ။ ပြည်သူလူထုက ဒီလုပ်ရပ်တွေကို လိမ္မာ ပါးနပ်ကြဖို့ လိုပါတယ်။ စစ်ကောင်စီက အလင်းဝင်ဖို့ ငွေကြေးနဲ့မျှားပြီးခေါ်တယ်။ သိပ်မကြာဘူး အလင်း ဝင်ကြတယ်ဆိုပြီး ဆက်တိုက်ဖြန့်တယ်။ ဒါဟာ တမင်သက်သက် သွေးခွဲလှုံ့ဆော်နေတာလို့ ကျနော်မြင် တယ်” ဟု ရဲဘော်သေတ္တာက ပြောသည်။

သတင်းမှားတွင်ပါဝင်သည့် PDF တပ်ဖွဲ့ဝင် ၁၂ ဦးသည် လက်နက်ခုနစ်လက်နှင့်တကွ မော်တော်ယာဉ် တစီးဖြင့် ဒီးမော့ဆိုမြို့နယ်၊ ပေဆေးလာကျေးရွာအနီးတဝိုက်မှ မေ ၃၁ ရက်နေ့က ထွက်ပြေးသွားခြင်းနှင့် ပတ်သက်၍ ပေဆေးလာကျေးရွာအနီးတွင် နေထိုင်သူတဦးအားမေးမြန်းရာတွင် ၎င်းအနေဖြင့် လက်နက် ကိုင်များအား မကြာခဏမြင်တွေ့မိသော်လည်း PDF တပ်သားများထွက်ပြေးသည့် သတင်းမျိုးကိုမူ မကြားကြောင်း ပြောသည်။

ယခင်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အလယ်ပိုင်း တိုင်း အထူးစစ်ဆင်ရေးအဖွဲ့မှတပ်သားများ စစ်ကောင်စီထံသို့အလင်းဝင်သွားကြောင်း ဖြန့်ဝေမှုများရှိခဲ့ ပြီး ယင်းမှာ မှားယွင်းနေကြောင်းကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က မေလ ၁၇ ရက်နေ့တွင် ဖြေရှင်းထားသည်။

လင့် - t.ly/RXAz

ထို့ကြောင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်း (၁၁၀၂) နှင့် (၁၁၀၇)တို့မှ တပ်သား ၁၂ ဦး လူမျိုးရေးခွဲခြားဆက်ဆံခံရခြင်းကြောင့် လက်နက်နှင့်တကွ ထွက်ပြေးခဲ့သည်ဆိုသော သတင်းမှာ ဝါဒဖြန့် သတင်းမှားသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster

#Fake_News

#ဒီမောဆို

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly