ရှမ်းမြောက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၀ ဦးကျော် သေဆုံး၊ ဒဏ်ရာရဟု MNDAA ထုတ်ပြန်

By မိုးသောက် (မဇ္ဈိမ)
06 June 2023
ရှမ်းမြောက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၀ ဦးကျော် သေဆုံး၊ ဒဏ်ရာရဟု MNDAA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့် (MNDAA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၂၀ ဦးကျော် သေဆုံး၊ ဒဏ်ရာရခဲ့သည်ဟု ကိုးကန့်သတင်းကွန်ရက်မှ ထုတ်ပြန်သည်။

ဇွန်လ ၅ ရက်တစ်နေ့က မဟာမိတ်တပ်နှင့် အာဏာသိမ်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဒါကိုးဇီ၊ ဘိုင်ရှာဂေါကျေးရွာနှင့် ဇီရှုးတောင်တန်း၊ Dakouzi တို့တွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

MNDAA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက် သေနတ် ကျည်အတောင့် ၂၃၀ ၊ ဒုံးကျည်များ၊ မိုင်းများနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းအချို့ကို သိမ်းဆည်း ရမိခဲ့သည်ဟု ဆိုသည်။

နှစ်ဖက်ထိတွေ့တိုက်ပွဲအခြေအနေကို ယခုထက်ပို၍သိရှိနိုင်ရန် မဇ္ဈိမအနေဖြင့် MNDAA တာဝန်ရှိသူများ ထံသို့ ဆက်သွယ်မေးမြန်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်နှင့် MNDAA ပူးပေါင်းတပ်များသည် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှစတင်ပြီး တိုက်ပွဲများ အပြန်အလှန်ဖြစ်ပွားနေခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏စီစဉ်ပေးမှုဖြင့် ညီနောင်မဟာမိတ်အဖွဲ့သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP၊MNDA)၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA၊AA)၊ ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF၊ TNLA) နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့တို့ ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းလားမြို့တွင် ဇွန်လ ၁ ရက်နေ့က စတင် တွေ့ဆုံခဲ့ကြသည်။

နှစ်ရက်တာကျင်းပသည့် အစည်းအဝေးသည် ဇွန်လ ၁ ရက်နေ့တရက်တည်းသာ ဆွေးနွေးချက်များထွက် ခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် မည့်သည့် ဆုံးဖြတ်ချက်မှထွက်ပေါ်လာခြင်းမရှိဘဲ ပြီးဆုံးသွားခဲ့သည်။

Photo- the Kokang

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#ကိုးကန့်တပ်ဖွဲ့

#MNDAA

#ရှမ်းမြောက်တိုက်ပွဲ

#စစ်ကောင်စီတပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly