မိုးဗြဲတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးဟု ထုတ်ပြန်

By 001 (မဇ္စျိမ)
06 June 2023
မိုးဗြဲတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးဟု ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ပေါ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့အထိ အရပ်သား ခြောက်ဦးသေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၃)က ယနေ့ ဇွန်လ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ သေဆုံးမှုတွင် အသက် သုံးနှစ်ကျော်အရွယ်ကလေးငယ်နှင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တို့လည်း ပါဝင်ကြောင်း KNDF တပ်ရင်း (၃ )ကဆိုထားသည်။

ထိုကာလအတွင်း စစ်ကောင်စီ၏ အမြောက်တပ်မှ မိုးဗြဲမြို့ပေါ်ရှိ ရပ်ကွက်များသို့ လက်နက်ကြီးပစ်ခတ်မှု အကြိမ် ၁၀၀ ထက်မနည်း ပြုလုပ်ခဲ့ပြီး လက်နက်ကြီးကြောင့် နေအိမ်နှင့် ဈေးဆိုင်ခန်း ၁၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီတပ်က ထိတွေ့တိုက်ပွဲဖြစ်ပွားရာ နေရာများအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများပေါ်သို့ လေကြောင်းတိုက်ခိုက်မှုလည်း ပြုလုပ်ခဲ့ကြောင်း ဆိုထားသည်။

မိုးဗြဲမြို့ပေါ်တွင်မူ ယခု ဇွန်လ အစပိုင်းကစပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကာ လက်ရှိတွင်လည်း အချိန်မရွေးတိုက်ပွဲဖြစ်နိုင်သည့် အခြေအနေရှိကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“လတ်တလောအတည်ပြုနိုင်တာက မိုးဗြဲနဲ့ ပတ်သက်ပြီးတော့ ဒီရက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်စဖြစ်တယ်။ အဓိကက စစ်ကောင်စီက မိုးဗြဲမြို့ထဲကို ပြန်ပြီးတော့ စစ်ကြောင်းထိုးတယ်။ နောက် တပ်စွဲတာတွေလုပ်တယ်။ ရပ်ကွက်တွေထဲမှာပေါ့နော်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့တပ်တွေနဲ့ ထိတွေ့မှုဖြစ်တယ်” ဟု ဆိုသည်။

မိုးဗြဲမြို့တွင် ယမန်နေ့က စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ယနေ့ ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းတွင်လည်း မိုးဗြဲ စည်ကား (၁) ရပ်ကွက်နေ အသက် ၁၈ နှစ်အရွယ်အမျိုးသားတစ်ဦး ဖယ်ခုံဘက်သို့ စစ်ရှောင်ရန်သွားစဉ် စစ်ကောင်စီတပ်၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#မိုးဗြဲမြို့နယ်

#စစ်ကောင်စီတပ်

#လက်နက်ကြီး

#ပစ်ခတ်မှု

Photo-KnHRG

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly