တော်လှန်ရေးဦးတည်ချက်များကိုသာ အာရုံစိုက်ကြရန် အကျဉ်းထောင်များအတွင်းမှ နိုင်ငံရေးအကျဉ်း သားများ တိုက်တွန်း

By မိုးသောက် (မဇ္ဈိမ)
06 June 2023
တော်လှန်ရေးဦးတည်ချက်များကိုသာ အာရုံစိုက်ကြရန် အကျဉ်းထောင်များအတွင်းမှ နိုင်ငံရေးအကျဉ်း သားများ တိုက်တွန်း
ဓာတ်ပုံ- တောင်တွင်းလှုပ်ရှားမှု လုပ်နေစဉ်

ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေးနှင့် စစ်အာဏာရှင်စနစ်ကျဆုံးရေးအပါအဝင် တော်လှန်ရေး ဦးတည်ချက်များကိုသာ အာရုံစိုက်ကြရန် လက်ရှိတွင်အကျဉ်းကျခံနေရကာ ထောင်တွင်းဖိနှိပ်မှုများကို ဆန္ဒပြနေသည့် နိုင်ငံရေးအကျဥ်းသားများကပြောကြားကြောင်း Alliance of Students’ Union Yangon- (တကသများရန်ကုန်)က ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်

တောင်ငူထောင်၌ အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား ၁၀ ဦး ထွက်ပြေးသွားသည့် မေလ ၁၈ ရက်နောက်ပိုင်းမှစ၍ အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသားများကို အာဏာသိမ်း စစ်ကောင်စီ က ထောင်တွင်းဖိနှိပ်မှုများ ပြုလုပ်လျက်ရှိသည်။

ယင်းသို့ ထောင်တွင်းဖိနှိပ်မှုများကို လက်မခံကြောင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးကြောင့် အကျဥ်း ထောင်ထဲရောက်နေသော်လည်း တိုက်ပွဲဝင်နေကြောင်း ထောင်တွင်းလှုပ်ရှားမှုပြုလုပ်ကာ တော်လှန်ရေး ဦးတည်ချက်ကိုသာအာရုံစိုက်ကြရန် ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများက သတင်းစကားပါး တိုက် တွန်းလိုက်ခြင်းဖြစ်သည်။

“အကျဥ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ ဒီကိစ္စတွေကို ပြင်ပမှာရှိတဲ့လူထုကို အသိ ပေးလိုတာရယ်၊ အကျဥ်းထောင်ထဲမှာရောက်နေပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် သူတို့အနေ နဲ့ တိုက်ပွဲဝင်နေတယ်ဆိုတာကို အသိပေးလိုတာရယ်ကြောင့် အခုလို ထောင်တွင်းလှုပ်ရှားမှုလုပ်တယ်လို့ မြင်ပါတယ်”ဟု မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ တာဝန် ရှိသူတဦးက မဇ္ဈိမကို ပြော သည်။

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂသည် တကသများ(ရန် ကုန်)တွင်ပါဝင်သည့် သမဂ္ဂများအနက်မှတခုဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ထောင်အတွင်း၌ “လုံးဝအုပ်ချုပ်ခွင့်မရစေရ” ၊ “တော်လှန်ရေးပန်း တိုင်ဆီ ငါတို့အလောင်းတွေကို နင်းပြီးသွားကြ” ၊ ”ဆက်လက်တော်လှန်ကြ” ၊ “ You,UN,ICRC,AI are invited to see murder play” အစရှိသည့် ဆောင်ပုဒ်များကို စွဲကိုင်ကာ ဆန္ဒပြခဲ့ကြသည်ဟု Alliance of Student Union က ထုတ်ပြန်သည်။

ထိုသို့ထောင်တွင်း လှုပ်ရှားမှုများကြောင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီသည် အကျဉ်းထောင်သုံးခုမှ နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြင်ပသို့ခေါ်ထုတ်ပြီး ရိုက်နှက်မှုများ ပြုလုပ်ခဲ့ ကြောင်းနှင့် ယင်းသို့ရိုက်နှက်မှုများကြောင့် အကျဉ်းသားနှစ်ဦး သေဆုံးသွားကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။

ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်၊ ဒိုက်ဦးထောင်နှင့် မန္တလေးတိုင်း မြင်းခြံထောင်တို့တွင် အာဏာ သိမ်းစစ်ကောင်စီ လက်အောက်ခံ ထောင်အာဏာပိုင်များက အကျဉ်းသားများကို အစုအလိုက်အပြုံလိုက် ခေါ်ထုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်၊။

ယင်းအနက် ပဲခူးတိုင်းသာယာဝတီထောင်မှ ကိုပြည့်ဖြိုးဝင်းနှင့် ဒိုက်ဦးထောင်မှ ကိုသန့်စင်ဝင်းတို့ နှစ်ဦး သည် ထောင်အာဏာပိုင်များက စစ်ဆေးရန်ခေါ်ထုတ်သွားစဉ် သေဆုံးသွားကြောင်း အကျဉ်းဦးစီးနှင့် နီးစပ်သူ သတင်းရင်းမြစ်က ပြောသည်။

ထောင်တွင်း ဆန္ဒထုတ်ဖော်နေသည့် နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြန်လည် ထူထောင်ရေး၊ စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် တော်လှန်ရေးဦးတည်ချက်များကို အာရုံစိုက်ထားကြ ရန် ပြည်သူလူထုတရပ်လုံးကိုပန်ကြားလိုက်ပြီး အဆိုပါတောင်းဆိုချက်များကို စွဲကိုင်ကာ ဆက်လက် ဆန္ဒဖော်ထုတ်သွားမည်ဟုလည်း နိုင်ငံရေးအကျဥ်းသားများက ပြောဆိုထားသည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။စောဖေ

ဓာတ်ပုံ- တောင်တွင်းလှုပ်ရှားမှု လုပ်နေစဉ်

#တော်လှန်ရေးဦးတည်ချက်

#ထောင်တွင်းဖိနှိပ်

#အစာငတ်ခံဆန္ဒပြ

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly