တင်းကျပ်သည့် ကန့်သတ်ချက်များကြား မြန်မာနယ်စပ်ကုန်သွယ်ရေး ကျဆင်း

တင်းကျပ်သည့် ကန့်သတ်ချက်များကြား မြန်မာနယ်စပ်ကုန်သွယ်ရေး ကျဆင်း

နယ်စပ်ကုန်သွယ်ရေးအပေါ် တင်းကျပ်သည့် စည်းမျဉ်းကန့်သတ်ချက်များကြောင့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်၏ ပထမနှစ်လအတွင်း နယ်စပ်ကုန်သွယ်ရေး ကျဆင်းကြောင်း မြန်မာနယ်စပ်ကုန်သည်များက ပြောသည်။

နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်မှ ရရှိသော ဝင်ငွေကို ဗဟိုဘဏ်က ပြဋ္ဌာန်းထားသော နှုန်းထားဖြင့် ကျပ်ငွေသို့ မဖြစ်မနေ လဲလှယ်ရသည့် မူဝါဒသစ်နောက်တွင် တရုတ်သို့ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဆန်နှင့် ဆန်ကွဲ တင်ပို့မှုသည် ယခုနှစ် မတ်လကတည်းက သုံးလနီးပါး ရပ်တန့်နေသည်။

ယခင်က မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ နေ့စဉ်  ကုန်သွယ်မှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၅ သန်းနီးပါး ရှိခဲ့ပြီး COVID-19 ကပ်ဘေးအတွင်း၌ ဒေါ်လာ ငါးသန်းမှ ခြောက်သန်းကြား ရှိခဲ့သော်လည်း လက်ရှိတွင် တစ်နေ့ ဒေါ်လာ သုံးသန်းကျော်အထိ ကျဆင်းသည်။

ဘဏ္ဍာနှစ်သစ်၏ ဧပြီ ၁ ရက်မှ မေ ၁၉ ရက်အတွင်း ပင်လယ်နှင့် ကုန်းတွင်း ကုန်သွယ်မှု စုစုပေါင်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁,၅၉၀ သန်း ရှိပြီး ယခင် ဘဏ္ဍာနှစ် အလားတူကာလက ဒေါ်လာ ၂,၀၃၀ သန်းကျော် ရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ဘဏ္ဍာနှစ်၏ မေ ၁၉ ရက်အထိ သွင်းကုန်ကဏ္ဍတွင် ကုန်သွယ်မှု  တန်ဖိုးသည် ဒေါ်လာ ၂,၄၄၀ သန်းရှိပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ် အလားတူကာလက ဒေါ်လာ ၂,၀၄၀ သန်းကျော် ရှိခဲ့သဖြင့် ဒေါ်လာ သန်း ၄၀၀ ကျော် တိုးလာခြင်း ဖြစ်သည်။

လျှပ်စစ်ကားများနှင့် ဆက်စပ်ပစ္စည်းများ ပိုမို တင်သွင်းခြင်းကြောင့် သွင်းကုန် တိုးများလာခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ကောက်ချက်ချသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်၊ ငါးထွက်ကုန်၊ ကျွဲနွားထွက်ကုန်၊ သတ္ထုနှင့် တွင်းထွက်ပစ္စည်း၊ ကုန်ချောနှင့် အထည်ချုပ်ထွက်ကုန်များ တင်ပို့ပြီး လျှပ်စစ်ကားနှင့် ဆက်စပ်ပစ္စည်းများ၊ စက်ယန္တရားများ၊ ဆေးဝါးများ၊ ဘိလပ်မြေ၊ ဓာတ်မြေဩဇာနှင့် လူသုံးကုန်များ တင်သွင်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly