နတ်မောက်မြို့နယ် မြင်းတဲကြီးရွာတွင် သတင်းပေးဆိုသူ ပစ်ခတ်ခံရ၍ သေဆုံး

By ကိုခင်မောင် (မဇ္ဈိမ)
06 June 2023
နတ်မောက်မြို့နယ် မြင်းတဲကြီးရွာတွင် သတင်းပေးဆိုသူ ပစ်ခတ်ခံရ၍ သေဆုံး
ဓာတ်ပုံ- ပစ်ခတ်ခံရ၍ သေဆုံးသွားသေ ကိုတင်မောင်ဝင်း

မကွေးတိုင်း၊ နတ်မောက်မြို့၊ မြင်းတဲကြီးကျေးရွာရှိ စစ်ကောင်စီတပ်သတင်းပေးဆိုသူကို ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း အလယ်ပိုင်းတိုင်း စစ်ဒေသကွက်ကဲရေး၊ ဂဠုန်တပ် နတ်မောက် PDF အဖွဲ့မှ တပ်ခွဲမှူးဗိုလ်အောင်ဒင်က မဇ္ဈိမကို ပြောသည်။

ယမန်နေ့ ဇွန်လ ၅ရက် ၁၁နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ် သတင်းပေးဆိုသူ ကိုတင်မောင်ဝင်းကို ၎င်း၏ နေအိမ်တွင်ရှိနေစဉ် ဦးခေါင်းကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ကျည်တစ်တောင့်က ဦးခေါင်းတစ်ချက်ဖောက်ဝင်ကာ နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဗိုလ်အောင်ထံမှ သိရသည်။

မေလ ၂၀ရက်နေ့က မစ်ရှင်လုပ်ရန်သွားနေချိန် ဂဠုန်တပ် နတ်မောက် PDFမှ တပ်ခွဲမှူးကို စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးသဖြင့် ထွက်ပြေးချိန်တွင် ကျကျန်ခဲ့သော သေနတ်ကို ကိုတင်မောင်ဝင်းမှ ကောက်ယူပြီး စစ်ကောင်စီတပ်များထံ အပ်နှံထားသည့်အတွက် ရှင်းလင်းခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ကျတော်တို့ ရဲ့ တပ်ခွဲမှူးကို ဝိုင်းဖမ်းတဲ့ အချိန်မှာ လက်နက်က ထွက်ကျခဲ့တာပေါ့ဗျ မြင်းတဲကြီးရွာထဲမှာ။ ထွက်ကျခဲ့တာက သူ့အိမ်ရှေ့မှာ ထွက်ကျခဲ့တာပေါ့ ရွာသားတွေက ဘယ်သူမှ မကောက်ဘူး။ ကျတော်တို့ ကောက်ဖို့သွားတဲ့ အချိန်မှာ လက်နက်က မရှိတော့ ဘူး။ မရှိတော့ဘဲနဲ့ သူက ကောက်ပြီးတော့ စစ်ကောင်စီကို အပ်ခဲ့တယ်။ နောက်တစ်ခုက သူတို့မြင်းတဲကြီးရွာက မီတာခတွေကို သူတို့ကောက်တယ်ပေါ့၊ ကောက်ပြီးတော့ စစ်ကောင်စီကို အခွန်ဆောင်ပေးတယ်။ မီတာခမပေးတဲ့အိမ်ကိုလည်း မီးဖြတ်မယ်ဆိုပြီးတော့ ခြိမ်းခြောက်တာ ဘာညာရှိတယ်။ ကျန်တဲ့ သတင်းပေးတာဘာညာကတော့ စစ်ကောင်စီတပ်တွေလာတဲ့အခါမှာ သူတို့ဧည့်ခံကျွေးမွေးတာကအစ သူတို့ လုပ်တယ်လို့ သိရပါတယ်။ သူတို့ဒေသခံတွေ အားလုံးက ကျွန်တော်တို့ကို တိုင်ကြားထားတာရှိတယ်။” ဟု ဗိုလ်အောင်ဒင်က မဇ္ဈိမကို ပြောသည်။

ကိုတင်မောင်ဝင်းသည် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်ပြီး လက်နက်အပ်ခဲ့ပြီးနောက် လေးရက်ခန့် စစ်ကောင်စီတပ်စခန်းတွင် ပုန်းရှောင်နေပြီး ပြန်လာသည့်အချိန်တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

အဆိုပါ စစ်ကောင်စီလက်အောက်ခံ သတင်းပေးဒလန်ဆိုသူ ကိုတင်မောင်ဝင်းနှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ သတင်းပေးဒလန်ဆိုသူ ကိုတင်မောင်ဝင်း အသတ်ခံရပြီးနောက် လျှပ်စစ်မီတာရုံးမှ ၎င်းတို့ ကော်မတီအဖွဲ့ဝင် အသတ်ခံရ၍ဟုဆိုကာ မြေတဲကြီးကျေးရွာကို မီးဖြတ်တောက်မည်ဟု သတင်းများထွက်ပေါ်နေကြောင်းလည်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၄ရက်နေ့တွင်လည်း နတ်မောက်မြို့နယ်ရှိ CDM ကျောင်း ဆရာ၊ ဆရာမများသတင်းကို စစ်တပ်ထံ ပေးပို့နေသည်ဟုဆိုကာ မြို့နယ်ပညာရေးမှူး သန်းထိုင်ကို မြို့ပြပြောက်ကျားတပ်ဖွဲ့များမှ ပစ်ခတ်ရှင်းလင်းခြင်းခံခဲ့ရသေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#နတ်မောက်မြို့

#CDM

#စစ်တပ်

#မြို့ပြပြောက်ကျား

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly