ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းနှင့် တရုတ်မြို့သစ်စီမံကိန်းနေရာများကို ထိုင်းနိုင်ငံက လျှပ်စစ်မီးဖြတ်တောက်

By သွင်းထူးဈာန် (မဇ္ဈိမ)
06 June 2023
ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းနှင့် တရုတ်မြို့သစ်စီမံကိန်းနေရာများကို ထိုင်းနိုင်ငံက လျှပ်စစ်မီးဖြတ်တောက်
Photo လေးကေကော်မြို့သစ်နောက်အနီးမှ တရုတ်စီမံကိန်းများ

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းရှိ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းနှင့် KK Park အမည်ရတရုတ်မြို့သစ်စီမံကိန်းများကို ထိုင်းနိင်ငံက ယမန်နေ့ဇွန် ၅ ရက် ည ၁၂ နာရီမှ စတင်ပြီး လျှပ်စစ်မီး ဖြတ်တောက်လိုက်ကြောင်း သတင်းရရှိသည်။

“မီးဖြတ်လိုက်တာ ဟုတ်တယ်။ မနေ့ညက စပြီးဖျက်လိုက်တာပေါ့။ တရုတ်စီမံကိန်း‌နေရာတွေတင်မဟုတ်ဘူး၊ ရွာတွေပါမီးမရတော့ဘူး"ဟု ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအနီးရှိ မင်းလက်ပံရွာဒေသခံတစ်ဦးကပြောသည်။

ယခုဖြစ်စဉ်သည်ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းနှင့် KK Park တရုတ်မြို့သစ်စီမံကိန်းအတွင်းမှ လောင်းကစားရုံများကို အဓိကထား၍မီးဖြတ်လိုက်ခြင်းဟု သိရသည်။ ထို့ကြောင့် လျှပ်စစ်မီးပြန်လည် ရရှ်ိရေးအတွက် ကရင်နယ်‌ခြားစောင့်တပ် BGF ခေါင်းဆောင်များက ထိုင်းဖက်နှင့် ညှိနှိုင်းနေကြောင်း မဇ္ဈိမ၏ သတင်းရင်းမြစ်များကပြောသည်

" ဖြတ်လိုက်တဲ့နေရာတွေက BGFထိန်းချုပ်တဲ့နေရာတွေပဲ။ BGFက ဗိုလ်တင်ဝင်းနဲ့ စောချစ်သူတို့က ထိုင်းဖက်နဲ့ညှိနှိုင်းနေတယ်လို့ကြားတယ်”ဟု မင်းလက်ပံရွာဒေသခံက ဆက်ပြောသည်။

ယခုကဲ့သို့ ထိုင်းဖက်မှ လျှပ်စစ်မီးဖြတ်တောက်လိုက်ခြင်းကြောင့် ရွှေကုက္ကိုလ်မြို့နှင့် အနီးကျေးရွာများနှင့် လေးကေကော်ဒေသရှိ မယ်ထော်လေး၊ပဟိကလော်၊အင်ကြင်းမြိုင်၊မင်းလက်ပံနှင့်မေတ္တာလင်းမြိုင်ကျေးရွာတို့တွင် လျှပ်စစ်မီးပြတ်တောက်ခဲ့သည်။ လောင်းကစားရုံများကို အဓိကထား၍လျှပ်စစ်မီးဖြတ်တောက်လိုက်ခြင်းဖြစ်သော်လည်း မီးစက်အကြီးစားများအသုံးပြုကာ အွန်လိုင်းလောင်းကစားလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်။ လျှပ်စစ်မီးအပြင် ရွှေကုက္ကိုလ်ဒေသ အင်တာနက်မြန်နှုန်းများကိုလည်း ထိုင်းနိုင်ငံဘက်က လျှော့ချထား သည်ဟု ဒေသခံများကပြောသည်။

လျှပ်စစ်မီးဖြတ်တောက်ရန်အတွက် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ ထိုင်းအစိုးရကို တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။ထို့အပြင်ယခု မီးဖြတ်တောက်မှုသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က စစ်ကောင်စီနှင့် မေလ ၃၁ ရက်က သွားရောက်တွေ့ဆုံပြီး မြန်မာ-ထိုင်းနယ်စပ်မှ အွန်လိုင်းဂိမ်းလောင်းကစား ဂိုဏ်းများ၊ နယ်စပ်ပြဿနာများကို ပူးပေါင်းဖြေရှင်းရေးအရှိန်မြှင့်ရန် တိုက်တွန်းပြီးနောက်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထို့အပြင် နယ်စပ်တလျှောက် အင်တာနက်လိမ်လည်မှုနှင့်ပတ်သက်သည့် ရာဇဝတ်ဂိုဏ်းများကို တရုတ် - မြန်မာ - ထိုင်း ပူးတွဲဖြေရှင်းရန် တရုတ်က တိုက်တွန်းခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေကုက္ကိုလ်အပါအဝင် တရုတ်စီမံကိန်းများသည် မြို့သစ်စီမံကိန်းဟု အကြောင်းပြကာ လူကုန်ကူးမှုများ၊အွန်လိုင်းလိမ်လည်မှု၊မူးယစ်ဆေးဝါးမှုနှင့်လောင်းကစားများကို ပြုလုပ်နေခြင်းဖြစ်ပြီး အာရှဒေသမှ ရာဇဝတ်ဂိုဏ်းများ ခိုလှုံရာနေရာဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနများမှ ရေးသားဖော်ပြထားကြသည်။

ယင်း လုပ်ငန်းကို တရုတ်ရာဇဝတ်ဂိုဏ်းများက အဓိကဦးဆောင်လုပ်ကိုင်နေပြီး BGFတပ်ဖွဲ့အပါအဝင် ကရင့်လက်နက်ကိုင်တပ်ဖွဲ့အချို့လည်း ပါဝင်ပတ်သက်မှုရှိနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်အချို့ကပြောသည်။

လတ်တလောဖြစ်ရပ်များနှင့်ပတ်သက်၍ BGFအပါအဝင် ကရင့်လက်နက်ကိုင်တပ်ဖွဲ့အချို့၏ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း မရရှိသေးပေ။

ရွှေကုက္ကိုမြို့သစ်စီမံကိန်းသည် ကရင်ပြည်နယ်၊ မြဝတီမြို့၏ မြောက်ဘက်ဆယ်မိုင်အကွာ မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ဘေးတွင် အကောင်အထည်ဖော်နေသော စီမံကိန်းတစ်ခုဖြစ်သည်။

ကရင်ပြည်နယ်၏ China Town ဟု လူသိများသည်။အဆိုပါစီမံကိန်းကို ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGFနှင့် ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော တရုတ်ကုမ္ပဏီ ရထိုက်နိုင်ငံတကာဦးပိုင်အုပ်စု(Yatai International Holdings Group) တို့ ပူးပေါင်း၍ လုပ်ကိုင်နေသည်ဟု မြန်မာ့ဗျုဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျု - ISP Myanmar က ဖော်ပြထားသည်။ KK Park မြို့သစ်စီမံကိန်းမှာလည်း မြို့သစ်စီမံကိန်းအမည်ခံပြီး လောင်းကစားလုပ်ငန်းများလုပ်နေသည့်ဒေသဟု နာမည်ကြီးသည်။

စာတည်း - မောင်ကြီး

#mizzima

#ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်း

#လျှပ်စစ်မီးဖြတ်တောက်

#BGF

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly