မြန်မာပြည်တွင်း၌ ဆန်ဈေး မြင့်တက် 

မြန်မာပြည်တွင်း၌ ဆန်ဈေး မြင့်တက် 

ပြည်သူများက သိုလှောင်ခြင်းနှင့် ဆန်တင်ပို့မှု ခွင့်ပြုပေးထားခြင်းတို့ကြောင့် မိုခါဆိုင်ကလုန်းမုန်တိုင်းအပြီး၌ နိုင်ငံတွင်း ဆန်ဈေး မြင့်တက်လျက် ရှိနေသည်။ 

ဆန်ဈေးသည် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၂၀,၀၀၀၊ အခြားသော အရည်အသွေးမြင့် ဆန် တစ်အိတ်လျှင် ၁၀၀,၀၀၀ နှင့် အရည်အသွေးနိမ့် ဆန်တစ်အိတ်လျှင် ၈၅,၀၀၀ ကျပ်ဖြင့် အမြင့်ဈေး၌ ရှိနေသည်။ 

မေလအစကထက် ဆန်ဈေးက ၃၀ ရာခိုင်နှုန်း မြင့်တက်ကြောင်း ဆန်ကုန်သည်များက ဆိုသည်။ 

ထိုပြင် လျှပ်စစ်မီး မကြာခဏ ပြတ်တောက်ခြင်းကြောင့် ဆန်ကြိတ်မှု လျော့ကျရာ ဈေးကွက်သို့ ဆန်အဝင် ကျဆင်းရသည်ဟု ဆန်ကြိတ်သူများက ပြောသည်။ 

လက်ရှိဆန်ဈေးနှုန်းသည် အမျိုးမျိုးသော အကြောင်းများကြောင့် မနှစ်ကဈေးထက် ၃၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်း မြင့်တက်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်း (MRF) က ပြောသည်။ 

ကုန်သည်အချို့က ဆန်အိတ် ထောင်ပေါင်းများစွာ သိုလှောင်ပြီး ဈေးကွက်သို့ အမြင့်ဈေးဖြင့် ရောင်းချနေခြင်းကြောင့် ဆန်ဈေး ထိုးတက်ခြင်းနှင့် ဈေးကွက်၌ မတည်မငြိမ် ဖြစ်ခြင်းများ ဖြစ်ရကြောင်း ဆန်ကုန်သည်အချို့က ပြောသည်။ 

သိုလှောင်မှုနှင့် ဈေးကစားခြင်းများကို ထိန်းချုပ်နိုင်ရန်အတွက် လာမည့် လအနည်းငယ်အတွင်း ဆန်သိုလှောင်မှုနှင့် ဂိုထောင်ကန့်သတ်ချက် စနစ်ကို အကောင်အထည်ဖော်မည်ဟု MRF က ပြောသည်။ 

ထို စနစ်အားဖြင့် ဆန်ကြိတ်သူများ၊ ဆန်ကုန်သည်များနှင့် ဆန်လက်လီအရောင်းသမားများအနေဖြင့် ၎င်းတို့၏ ဂိုထောင်တွင် ဆန် တန်ချိန် ၅၀ ကျော်နှင့် စပါး တင်း ၅,၀၀၀ ကျော် သိုလှောင်ပါက MRF တွင် မှတ်ပုံတင်ရမည် ဖြစ်သည်။ 

ထိုင်းအပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် သိုလှောင်မှု အချက်အလက်အား မှတ်တမ်းတင်သည့် “အမျိုးသား သိုလှောင်ပမာဏ” စနစ်မျိုးကို အသုံးပြုကြသည်။ 

၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း စစ်ကောင်စီသည် ဆန်တန်ချိန် ၂ ဒသမ ၂၆ သန်း တင်ပို့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ရရှိခဲ့ကြောင်း ခန့်မှန်းရသည်။ 

အဓိက စပါးစိုက်ပျိုးသော ဒေသများတွင် စစ်ကောင်စီက စစ်ဆင်ရေးများ ဆင်နွှဲခြင်းနှင့် စပါးကွင်းများစွာကို ဖျက်ဆီးခြင်းတို့ကြောင့် ယခုနှစ်၌ စပါးစိုက်ဧရိယာ သိသိသာသာ ကျဆင်းသည်။ စိုက်ဧကနှင့် ထုတ်လုပ်မှု ကျဆင်းသည်ကြားမှပင် စစ်ကောင်စီက ဆန်ပိုတင်ပို့ရန် စီစဉ်နေခြင်းေကြာင့် ပြည်တွင်း၌ ဆန်ဈေး ထိုးတက်ရသည်ဟု ဆန်ကုန်သည်အချို့က ပြောကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly