ပေါင်းတည်တွင် ရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် ပစ်ခတ်ခံရ၍ ၁ ဦးသေဆုံး

By ရွှေနွယ်( မဇ္ဈိမ )
06 June 2023
ပေါင်းတည်တွင် ရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် ပစ်ခတ်ခံရ၍ ၁ ဦးသေဆုံး

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် ရွှေလေးပင်တောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ စစ်ကြောင်းကို PDF တပ်ရင်း(၃၆၀၁) ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)မှ အလစ်အငိုက် ပစ်ခတ်ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးသွားကြောင်း PPDF တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ထန်းကုန်းကျေးရွာနှင့် ကြိုကုန်းကျေးရွာကြားတွင် ချောင်းမြောင်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ် သားတစ်ဦးသေဆုံးပြီးနောက် အလောင်းကို စောင်ပုခတ်ဖြင့်ထမ်း၍ သယ်ဆောင်သွားသည်ကို မြင်တွေ့ ခဲ့ရသည်ဟု ဆိုသည်။ 

စစ်ကောင်စီစစ်ကြောင်းသည် ပစ်ခတ်ခံရပြီးနောက် အနီးအနားရှိ တောင်သူများ၏ ယာတဲသုံးလုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးလက်နက်ငယ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဘက် မှ အထိအခိုက်မရှိခဲ့ကြောင်း ဆိုသည်။

“ဒီနှစ်ထဲမှာ အနောက်ရိုးမဘက်ခြမ်းမှာ ရင်ဆိုင်တိုက်ပွဲတွေ ပိုဖြစ်လာတယ်။ အကြိမ်ပေါင်း မနည်းတော့ ဘူး။ သူတို့ဘက်က အထိခိုက်အကျဆုံးများတယ်။ ကျနော်တို့ဘက်ကတော့ အထိခိုက်အကျအဆုံး မရှိ ပါဘူး” ဟု PPDF တာဝန်ရှိသူမှ မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ကလည်း ပေါင်းတည်မြို့နယ်တွင် ရိုးမပေါ်သို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို PPDF မှ ပစ်ခတ်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးခဲ့သေးသည်။

ယခုနှစ်အတွင်း စစ်ကောင်စီတပ်နှင့် ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ရင်ဆိုင်တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး ငါးလကျော်ကြာကာလအတွင်း စစ်ကောင်စီတပ်သားနှင့် ထောက်တိုင် ၂၀ ထက် မနည်းကို PPDF မှ ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ သတင်းပြန်ကြားရေး၏ ထုတ်ပြန်ချက် များအရ သိရသည်။

ပဲခူးတိုင်းအတွင်း ယခု ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲများပိုမိုပြင်းထန်လာပြီး ပဲခူးရိုးမ၏အရှေ့ခြမ်းနှင့် အနောက်ခြမ်းကိုပါ စစ်ကောင်စီတပ်များမှ ဆက်တိုက်စစ်ကြောင်းထိုးနေကြောင်း ပဲခူးတိုင်းကာကွယ်ရေး တပ်ဖွဲ့များ၏ပြောဆိုချက်အရ သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required