တောင်သာမြို့နယ် ဇရပ်ကြီးကျေးရွာရှိ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

By ကိုခင်မောင် (မဇ္ဈိမ)
06 June 2023
တောင်သာမြို့နယ် ဇရပ်ကြီးကျေးရွာရှိ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာတွင် တပ်စွဲထားသော အင်အား ၂၅ ဦးခန့်ပါ စစ်ကောင်စီတပ်သားများကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်း - NRDF မှ ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။ 

ဇရပ်ကြီးကျေးရွာအရှေ့ဘက် ဘုန်းကြီးကျောင်းအလွတ်တွင် တပ်စွဲထားသော တပ်မ (၈၈) လက်အောက်ခံ စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးများကို ဇွန်လ ၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်။

“ စစ်ကောင်စီတပ်ဘက်မှ သေဆုံးတာတွေကိုတော့ ကျွန်တော်တို့ ပစ်ခတ်နေတဲ့ရှေ့မှာပဲ ဒီကောင်တွေ ထိတာဆိုတော့ ကိုယ်တွေ့မြင်နေရတာလေ။ ရန်သူ့ဘက်က ခြောက်ဦး သေဆုံးပြီး ဒဏ်ရာရတဲ့သူ တော်တော်များတယ်ဗျ။ တပ်ကြပ်တစ်ဦးကတော့ ဆေးရုံတင်ထားရတယ် ” ဟု မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်း - NRDF မှ တာဝန်ရှိသူက ပြောသည်။

ဇရပ်ကြီးကျေးရွာသည် တောင်သာမြို့မှ ခုနစ်မိုင်ခန့်အကွာတွင် တည်ရှိသော ကျေးရွာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုကြာချိန် နှစ်နာရီခန့်ရှိခဲ့ကြောင်း သိရသည်။

“အဓိက အခက်အခဲကတော့ လက်နက်ခဲယမ်းပေါ့ဗျာ။  လက်နက်ခဲယမ်း မလုံလောက်တော့ ကျွန်တော်တို့ လိုချင်တဲ့ Target ထိ မရောက်ဘဲ ပြန်ပြန်ဆုတ်ခဲ့ရတာ၊ တိုက်ပွဲအတွင်း  အရပ်သားထိခိုက်မှုမရှိပါဘူး ” ဟု NRDF တာဝန်ရှိသူက ဆက်ပြောသည်။ 

စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြား အတည်အပြုနိုင်ခြင်း မရှိသေးပေ။ 

တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄) တပ်ရင်းနှင့်အတူ မြင်းခြံခရိုင်အမှတ် (၁) တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ်(၈) တပ်ရင်း တို့ပူးပေါင်း၍ တိုက်ပွဲဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

စာတည်း ။ ။ Alden
စာမူတည်းဖြတ်၊၊  ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly