မေလအတွင်း စစ်ကောင်စီတပ်ကြောင့် ကလေးသူငယ် ၁၉ ဦးအပါအဝင် အရပ်သား ၁၂၉ ဦးသေဆုံး

By 001 (မဇ္စျိမ)
06 June 2023
မေလအတွင်း စစ်ကောင်စီတပ်ကြောင့် ကလေးသူငယ် ၁၉ ဦးအပါအဝင် အရပ်သား ၁၂၉ ဦးသေဆုံး

ပြီးခဲ့သည့် မေလအတွင်း တိုင်းနှင့် ပြည်နယ်များတွင် စစ်ကောင်စီတပ်ကြောင့်  ကလေးသူငယ် ၁၉ ဦးအပါအဝင် အရပ်သား ၁၂၉ ဦးသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တရားရေးဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာဦးစီးဌာနက မေလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ 

အရပ်သားသေဆုံးမှုများမှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေလအတွင်း သေဆုံးရသူများမှာ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် သေဆုံးရသကဲ့သို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် မီးရှို့သတ်ဖြတ်မှုတို့လည်း ခံခဲ့ရကြောင်း ဆိုသည်။

“စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီးတော့ ကျေးရွာထဲမှာ ထွက်မပြေးနိုင်တဲ့ အရပ်သားပြည်သူတွေ၊ ကျွန်တော်တို့ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေပေါ့၊ အဲ့တာတွေကို သူတို့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာတွေလည်းရှိတယ်”ဟု အဆိုပါ ဦးစီးဌာနတွင် အချက်အလက်ကောက်ယူနေသူက ပြောသည်။

ကလေးသူငယ်သေဆုံးမှုတွင် အငယ်ဆုံး အသက် သုံးနှစ်အရွယ်အထိ ပါဝင်ပြီး စစ်ကိုင်းတိုင်းတွင် ရှစ်ဦး၊ ပဲခူးတိုင်းတွင် ခြောက်ဦး၊ ရှမ်းပြည်နယ်တွင် နှစ်ဦး၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် တစ်ဦးစီ သတ်ဖြတ်ခံရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ကလေးသူငယ်များ သေဆုံးနေရသည့်အပြင် စစ်​ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ကလေးသူငယ်များ စစ်ဘေးတိမ်းရှောင်​နေရပြီး မိုးထဲ၊ ရေထဲ ဒုက္ခရောက်နေရကြောင်းလည်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှ KSO အဖွဲ့ခေါင်းဆောင် ဗိုလ်လင်းရောင်ကပြောသည်။

“ကျွန်တော်တို့ ကလေးသူငယ်တွေ မိုးကလည်းရွာ စစ်ကြောင်းကလည်းထိုး တိမ်းရရှောင်ရတာတွေ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ မွေးကင်းစကလေးမိခင်တွေ တော်တော်လေးကို ဒုက္ခရောက်ပါတယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်မေလအတွင်းက ကလေးသူငယ် လေးဦးအပါအဝင် အရပ်သား ၁၁၅ ဦးမှာလည်း စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးမှုကို ခံခဲ့ရကြောင်း NUG ၊ တရား​ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ​ပါရှိသည်။

အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် မေလကုန်အထိ စစ်အုပ်စုနှင့် သူ၏ လက်ပါးစေများကြောင့် ပြည်သူ ၃,၅၀၀ ကျော်သေဆုံးခဲ့ပြီး ကလေးသူငယ်သေဆုံးမှု ၃၉၀ ကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly