ချင်းလဲန်းတွင် မိုခါမုန်တိုင်းဒဏ်မှ ပြန်လည်ထူထောင်ရန် KIO က ကျပ်သိန်း ၂,၀၀၀ ကူညီ

By ပါခွီး (မဇ္စျိမ)
06 June 2023
ချင်းလဲန်းတွင် မိုခါမုန်တိုင်းဒဏ်မှ ပြန်လည်ထူထောင်ရန် KIO က ကျပ်သိန်း ၂,၀၀၀ ကူညီ

ချင်းလဲန်းဒေသအတွင်း “မိုခါ” ဆိုင်ကလုန်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ပြန်လည်ထူ ထောင်နိုင်ရန်အတွက် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)က ငွေကျပ် သိန်း ၂,၀၀၀ ထောက်ပံ့ကူညီ ကြောင်း CNF ပြောရေးဆိုခွင့်ရှိသူက မဇ္စျိမကို ပြောသည်။

အဆိုပါထောက်ပံ့ငွေများကို ချင်းအမျိုးသားတပ်ဦး(CNF)မှတဆင့် ထောက်ပံ့ကူညီခဲ့ခြင်းဖြစ်ပြီး ထိုသို့ ထောက်ပံ့မှုအပေါ် ကျေးဇူးတင်ကြောင်း  ချင်းအမျိုးသားတပ်ဦး(CNF)က ဇွန်လ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ 

မေလ ၁၄ ရက်နေ့တွင် ချင်းလဲန်းအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သော “မိုခါ”ဆိုင်ကလုန်း မုန်တိုင်း ကြောင့် လေဘေးဒဏ်ရင်ဆိုင်နေကြရသော ချင်းလဲန်းပြည်သူများအတွက် လူသားချင်းစာနာထောက် ထားမှုအကူအညီအဖြစ် KIO ၏ လှူဒါန်းငွေကို လက်ခံရရှိကြောင်းဆိုသည်။

ထို့ပြင် ချင်းလဲန်းပြည်သူများကိုစာနာထောက်ထားပြီး ညီရင်းအကိုစိတ်ဓာတ်ဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအတွက် ပါဝင်လှူဒါန်းမှုအပေါ် ကျေးဇူးတင်ကြောင်းနှင့် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မိုခါ” မုန်တိုင်းဘေးပြန်လည်ထူထောင်ရန် ရရှိလာသည့်အလှူငွေများကို သက်ဆိုင်ရာအလိုက် တိုက်ရိုက် ဖြန့်ဝေခွဲပေးသွားမည်ဟု CNF ပြောရေးဆိုခွင့်ရှိသူက မဇ္စျိမကိုပြောသည်။

“ရရှိလာတဲ့ကူညီမှုတွေကို သက်ဆိုင်ရာအလိုက် တိုက်ရိုက်ဖြန့်ခွဲသွားမှာပါ” ဟု CNF က ပြောသည်။
CNF တပ်ဖွဲ့ထိန်းချုပ်စိုးမိုးနယ်မြေများအတွင်း တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံအုပ်ချုပ်ရေးအဖွဲ့များနှင့် တိုက် ရိုက်ချိတ်ဆက်ပြီး အကူအညီများကို ဖြန့်ဝေသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ယင်းအပြင် နယ်မြေအတွင်းနှင့် ပြည်ပတွင် ကူညီကယ်ဆယ်ရေးများလုပ်ကိုင်နေသော အဖွဲ့အစည်းများ နှင့်လည်း ဆက်သွယ်ညှိနှိုင်းမှုများပြုလုပ်နေပြီး ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းလဲန်းဒေသအတွင်း မိုခါကြောင့် ပျက်စီးဆုံးရှုံးသွားသည့် အချက်အလက်များကို ကောက်ယူထားပြီး ဦးစားပေးလုပ်ဆောင်ရမည့် ကိစ္စရပ်များနှင့် ဆုံးရှုံးမှုများကို စိစစ်တွက်ချက်ကာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မုန်းတိုင်းဒဏ်ကြောင့် နေအိမ်အဆောက်အဦးများ ပြန်လည်ပြင်ဆင်တည်ဆောက်ရန်၊ ကျန်းမာ ရေးစောင့်ရှောက်မှုနှင့် မကြာမီကျရောက်မည့် မိုးရာသီအတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ ကြောင်း CNF ပြောခွင့်ရသူက ဆိုသည်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ၏ မေလ ၂၃ ရက်နေ့အထိ ကောက်ယူထား သော စာရင်းများအရ ချင်းပြည်နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် နေအိမ် ၂,၇၇၄ လုံး၊ စာသင်ကျောင်း ၁၈၅ ဆောင် ၊ ဘာသာရေးအဆောက်အဦး ၁၀၂ ခု၊ စပါးကျီ ၂၅၉ ခု၊ ကျန်းမာရေးအဆောက်အဦ ၁၂ လုံး ပျက်စီးပြီး တိရစ္ဆာန် ၁၀၀ ဝန်းကျင် သေဆုံးသွားကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် မိုခါမုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံစားခဲ့ရသော ရက္ခိုင်ဒေသ အတွက်လည်း ကျပ်သိန်း ၃,၀၀၀ ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ထံသို့ ပေးပို့ထောက်ပံ့ခဲ့သည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။    ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly