ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်၊ မီးရထားဝင်းအတွင်းရှိ ဝန်ထမ်းနေအိမ် များကို ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားဖယ်ရှားရန် စစ်ကောင်စီက ကြေညာချက်ထုတ်ပြန်ထား ကြောင်း သိရသည်။
“ကျနော်တို့ မြစ်ကြီးနား မီးရထားအိမ်ယာက ရန်ကုန်၊ မန္တလေးမှာရှိတဲ့ ဝန်ထမ်းလိုင်းခန်းတွေလို မဟုတ် ဘူး။ မြေကွက်အလွတ်ကြီးထဲမှာ အကုန်လုံးက ကိုယ့်အစီအစဉ်နဲ့ကိုယ်ဆောက်နေကြရတာ” ဟု ဒေသခံ တဦးက ပြောသည်။
အဆိုပါ နေအိမ်များကို ဖယ်ရှားရှင်းလင်းခြင်းမရှိပါက ၁၉၅၅ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက် ဥပဒေနှင့်အညီ အနိုင်အထက်ပြုမှုဖြင့် ဖယ်ရှားသွားမည်ဖြစ်ကြောင်း သတိပေးစာဆိုင်းဘုတ်တွင်ရေးသား ဖော်ပြထားသည်။
“ဝန်ထမ်းတွေက CDM လုပ်ထားတယ်။ CDM လုပ်ထားတဲ့ ဝန်ထမ်းအချို့က အခုထိ မီးရထားဝင်းမှာပဲ နေ နေသေးတယ်။ အခု စစ်ကောင်စီတပ်ဖွဲ့က အထိုင်ချတပ်စွဲမှာမို့ ဒီနေရာကို ရှင်းကိုရှင်းမှရမယ်ဆိုပြီး ဖျက်မယ့်သဘောပါ” ဒေသခံတဦးကပြောသည်။
စစ်ကောင်စီသည် မြစ်ကြီးနားမီးရထားဝင်းအတွင်းရှိ CDM ဝန်ထမ်းများထံ ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့ကလည်း နေအိမ်များပြောင်းရွှေ့ပေးရန် သတိပေးစာဖြန့်ဝေခဲ့သေးသည်။
“ဒီနေရာက အရင် NLD အစိုးရလက်ထက်မှာ မီးရထားဝန်ထမ်းတွေအတွက် ဂျပန်နဲ့ပေါင်းပြီး အဆင့်မြင့် ဝန်ထမ်းတိုက်တန်းတွေဆောက်ဖို့ လုပ်ထားတဲ့နေရာ။ အပြင်ကလူတွေလည်း မီးရထားဝင်းထဲမှာ ကိုယ့် အစီစဥ်နဲ့ကိုယ် ငှားနေကြတဲ့အိမ်ငှားတွေလည်းရှိကြတယ်။ ဝင်းဘေးကဘောလုံးကွင်းကြီးထဲမှာ မီးရထား ဝင်းထဲကအိမ်ငှားတွေကို ဝန်ထမ်းအရာရှိအချို့က အိမ်ငှားချထားတာရှိတယ်” ဟု CDM မီးရထားဝန်ထမ်း တဦးကမဇ္ဈိမကိုပြောသည်။
လက်ရှိတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အထိုင်ချပူးပေါင်းထားသော မီးရထားဝင်းအတွင်းရှိ မီးရထား ရဲတပ်ဖွဲ့စခန်းနေရာ၌ ကတုတ်ကျင်းများ၊ လုံခြုံရေးဘန်ကာများ တည်ဆောက်ထားကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ