စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်းပေါ်မှ တံတား ၂ စင်းအား ကာကွယ်ရေးတပ်ဖွဲ့ ဖောက်ခွဲဖျက် ဆီး

By ရွှေနွယ်( မဇ္ဈိမ )
06 June 2023
စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်းပေါ်မှ တံတား ၂ စင်းအား ကာကွယ်ရေးတပ်ဖွဲ့ ဖောက်ခွဲဖျက် ဆီး

ပဲခူးတိုင်းအတွင်း စစ်ကောင်စီတပ်၏ အဓိကထောက်ပို့လမ်းကြောင်းပေါ်တွင်တည်ရှိနေသော တံတားနှစ်စင်းအား ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရိုးမ− BPDF Yoma မှ ထုတ် ပြန်ထားသည်။

ထန်းတပင်မြို့နယ် နတ်ရွာတံတားအား ယနေ့ ဇွန်လ ၆ ရက် နံနက် ၄ နာရီခန့်တွင် ဖောက်ခွဲဖျက်ဆီး၍ ဆက်သွယ်ရေးဖြတ်တောက်ခဲ့ကြောင်း၊ အဆိုပါတံတားသည် KNU တပ်မဟာ(၂)နှင့် (၃) ဒေသရှိ စစ် ကောင်စီစခန်းများ၏ အဓိကထောက်ပို့ပြုလုပ်နေသော လမ်းကြောင်းဖြစ်သည့်အတွက် ဖြတ်တောက်ခဲ့ ခြင်း ဖြစ်သည်ဟု BPDF Yoma က မဇ္ဈိမကိုပြောသည်။

“တပ်မဟာ (၂) နဲ့(၃) စကစစခန်းတွေရဲ့ ထောက်ပို့ အဓိကလမ်းပါ။ ပြောရရင် စစ်တောင်းအရှေ့ဘက် ကမ်းမှာရှိတဲ့စကစကို စတင်ချေမှုန်းတဲ့အခါ အဓိက ထောက်ပို့ဖြတ်တောက်မှုတွေအတွက်ပါ။ မနက် ၄ နာရီက ချိုးပစ်တာပါ” ဟု ပြောသည်။

အလားတူ ယနေ့ နံနက်ပိုင်းတွင်ပင် ကျောက်ကြီးမြို့နယ်နှင့် နတ်သံကွင်းမြို့ကို ဆက်သွယ်ထားသော စစ်တောင်းတံတားလည်း မိုင်းခွဲဖြတ်တောက်ခံရသည်။

အဆိုပါ တံတားသည် KNU တပ်မဟာ(၃)နှင့် (၅)ကို အဓိကထောက်ပို့လမ်းဖြစ်သည်ဟု BPDF Yoma ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယနေ့နံနက်အစောပိုင်းတွင် နတ်သံကွင်း၌ စစ်ကောင်စီတပ်နှင့် KNLA/PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား ထိ တွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်၏ ရဲစခန်းကိုဝင်ရောက်ပစ်ခတ်ကာ စစ်တောင်းတံတား ကိုပါ ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မနက် ၄ နာရီကျော်လောက်ကစပြီး ပစ်ခတ်သံတွေကြားရတာ တိုက်ပွဲပြင်းနေတယ် ၇ နာရီလောက် အထိ” ဟု နတ်သံကွင်းမြို့နေ ဒေသခံတဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်ဘက်မှ ရဟတ်ယာဉ်များ ပျံဝဲနေကြောင်းလည်း ဒေသခံ၏ ပြောပြချက်အရ သိရသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိမရှိနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် အသေးစိတ် မသိရသေးပေ။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly