မုန်တိုင်းဘေးဒဏ်သင့် ရခိုင်ပြည်သူများ အမိုးအကာအောက်ရောက်ရှိစေရေး AA ကြိုးပမ်းနေ

By မိုးသောက် (မဇ္ဈိမ)
05 June 2023
မုန်တိုင်းဘေးဒဏ်သင့် ရခိုင်ပြည်သူများ အမိုးအကာအောက်ရောက်ရှိစေရေး AA ကြိုးပမ်းနေ
Photo- CJ/ လူမှုကွန်ယက်(ကျောက်တော်မြို့အတွင်းက နေအိမ်အပျက်အစီးမြင်ကွင်း)

ဆိုင်ကလုန်းမုန်တိုင်း မိုခါဒဏ်ကြောင့် နေအိမ်ပျက်စီးသွားရသည့် ရခိုင်ပြည်သူများ အမိုးအကာအောက်‌ရောက်ရှိစေရေးအတွက် ရက္ခိုင့်တပ်တော်(AA)အနေဖြင့် ကြိုးပမ်းနေကြောင်း သိရ သည်။

“အခုဆိုရင် မုတ်သုန်မိုးကလည်း ဇွန်လထဲမှာရွာတော့မှာဆိုတော့ မိုးရာသီမရောက်ခင်မှာ အမိုးကာမဲ့ နေတဲ့ပြည်သူတွေ အမိုးအကာအောက်ရရှိ‌ရေးက နံပါတ်တစ်အရေးကြီးတာပေါ့”  ဟု ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။

ရခိုင်တွင် မုန်တိုင်းသင့်ပြည်သူများအတွက် ပြန်လည်တည်ထောင်ရေး ဆောင်ရွက်နိုင်ခြင်းမရှိသေးဘဲ အရေးပေါ်လုပ်ငန်းများဖြစ်သည့် အမိုးအကာရရှိရေး၊ သောက်သုံးရေရရှိရေး၊ အစားအသောက်ရရှိရေးနှင့် ဆေးဝါးများရရှိရေးအတွက်  အဓိကထား ကြိုးပမ်းဆောင်ရွက်နေရကြောင်း ဆိုသည်။

မုန်တိုင်းဒဏ်ကိုအများဆုံးခံခဲ့ရသည့် ရခိုင်ပြည်နယ်တွင် မေလ ၁၅ ရက်နေ့ကတည်းက ကော်မတီဖွဲ့ပြီး ရှိသမျှအင်အားရင်းမြစ်များဖြင့် ရက္ခိုင့်တပ်တော်က  ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ ကြောင်း သိရသည်။

မုန်တိုင်းသင့် ရခိုင်ပြည်သူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့က AA ထံမှတဆင့် အလှူငွေများပေးအပ်ခဲ့သေးသည်၊။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ကလည်း ရခိုင်ပြည်နယ်တစ်ခုတည်းတွင် လူပေါင်း ၁၇၀,၀၀၀ ကို အစား အသောက်များထောက်ပံ့ပေးခဲ့ပြီး အိမ်ထောင်စု ၇,၇၀၀ အတွက် အမိုးအကာများထောက်ပံ့ပေးထား ကြောင်းထုတ်ပြန်သည်။

“ အိမ်ထောင်စုတစုကို ၁၅ ရက်စာတော့ ဖြန့်ဖြူးပေးတာရှိတယ်။ နေရာတိုင်းတော့ မဟုတ်ဘူး အချို့ နေရာတွေက မရောက်နိုင်သေးဘူး။ အခု WFP အပါအဝင် ပရဟိအဖွဲ့တွေဖြန့်ဖြူးပေးတဲ့ဟာတွေကို အိမ်ထောင်စုတွေအားလုံးယှဉ်ကြည့်လိုက်ရင် ထိခိုက်ခံစားရတဲ့ ရာခိုင်နှုန်းရဲ့ ၆ ရာခိုင်နှုန်း၊ ၇ ရာနှုန်း လောက်ပဲရှိသေးတယ်။ ကျန်တာတွေကတော့ အများကြီးကြိုးစားထောက်ပံ့ပေးဖို့လိုအပ်သေးတယ်” ဟု ဦးခိုင်သုခက ဆိုသည်။

ရက္ခိုင့်တပ်တော် (AA) အနေဖြင့် မုန်တိုင်းသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို မုန်တိုင်းမစတင်မီကတည်းက လုပ်ကိုင်နေကြောင်းလည်း သိရသည်။

ဇွန်လ ၁ ရက်နေ့ကလည်း တရုတ်၏ကြားဝင်မှုဖြင့်ပြုလုပ်ခဲ့သည့် မိုင်းလားတွေ့ဆုံပွဲတွင် လူသားချင်း စာနာထောက်ထားမှုအကူအညီများ အဆင်ပြေချောမွေ့စွာရောက်ရရှိစေရေးအတွက် စစ်ကောင်စီနှင့် ဆွေးနွေးခဲ့ကြောင်းသိရသည်။

စာတည်း ။။ Alden
စာမူတည်းဖြတ် ။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly