အီဂျစ်လေယာဉ်ပြန်ပေးသမားကို ဖမ်းမိ၊ ဓါးစာခံများအားလုံးလွတ်မြောက်

အီဂျစ်လေယာဉ်ပြန်ပေးသမားကို ဖမ်းမိ၊ ဓါးစာခံများအားလုံးလွတ်မြောက်

လာနာကာ၊မတ်၊ ၂၉ ။          ။ အီဂျစ်လေကြောင်းလိုင်းပိုင် MS181 လေယာဉ်ကို ပြန်ပေးဆွဲထားသူကို ဖမ်းမိပြီဖြစ်ပြီး လေယာဉ်ပေါ်တွင် ကျန်ရှိနေသည့် ဓါးစာခံများအားလုံးလည်း လွတ်မြောက်လာပြီဖြစ်ကြောင်း ဆိုက်ပရက်စ်ရဲတပ်ဖွဲ့က ပြောကြားသည်။

အီဂျစ်ပြည်တွင်းလေကြောင်းခရီးစဉ်ပျံသန်းသော ယင်းလေယာဉ်ကို အသေခံဗုံးခွဲခါးပတ်ကို ဖောက်ခွဲလိုက်မည်ဟု ခြိမ်းခြောက်ပြန်ပေးဆွဲခဲ့သူမှာ အီဂျစ်နိုင်ငံသား အီဘရာဟင်ဆာမာဟာ ဆိုသူဖြစ်ပြီး ဆိုက်ပရက်စ်တွင် ခိုလှုံခွင့်ပေးရန် တောင်းဆိုခဲ့ကြောင်း အီဂျစ်နိုင်ငံပိုင်ရုပ်သံလိုင်းက အစောပိုင်းတွင် ကြေညာခဲ့သည်။

သို့သော် ဆိုက်ပရက်စ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ပြန်ပေးသမား၏ အမည်အမှန်မှာ အယ်လ်ဒင်မူစတာဖာဖြစ်ကြောင်း နောက်ပိုင်းတွင် ကြေညာခဲ့သည်။

ယခုလေယာဉ်ပြန်ပေးမှုမှာ အကြမ်းဖက်တိုက်ခိုက်မှုမဟုတ်ဘဲ ပြန်ပေးသမားက ၎င်း၏ပုဂ္ဂိုလ်ရေးရည်ရွယ်ချက်အတွက် ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။ ပြန်ပေးသမား၏ ဇနီးဟောင်းမှာ ဆိုက်ပရက်စ်တွင်ရှိနေပြီး ပြန်ပေးသမား၏တောင်းဆိုမှုအရ လေဆိပ်သို့ ခေါ်ဆောင် ပေးခဲ့ရသေးသည်။

ဒေသစံတော်ချိန် ၁၄ နာရီ ၄၅ မိနစ်အချိန်တွင်မူ ဆိုက်ပရက်စ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်ပေးမှုမှာ  ပြီးဆုံးသွားပြီ ဖြစ်ကြောင်းနှင့် ပြန်ပေးသမားကိုဖမ်းမိပြီဖြစ်ကြောင်း တွစ်တာလူမှုကွန်ယက် မှတဆင့် ကြေညာခဲ့သည်။

ထို့အတူ ဆိုက်ပရက်စ်နိုင်ငံပိုင်ရုပ်သံဌာနကလည်း ပြန်ပေးသမားက တာဝန်ရှိသူများထံ အဖမ်းခံလိုက်ပြီဖြစ်ကြောင်းနှင့် ပြန်ပေးသမားသည် လေယာဉ်အတွင်းမှ လက်မြှောက်ကာထွက်လာခဲ့ကြောင်း ထုတ်လွှင့်ကြေညာသွားခဲ့သည်။ လက်ရှိအချိန်တွင် တာဝန်ရှိသူများက ပြန်ပေးသမားကိုစစ်ဆေးမေးမြန်းရန် ပြင်ဆင်နေပြီဖြစ်သည်။

အီဂျစ်လေကြောင်းလိုင်းပိုင် MS 181 လေယာဉ်သည် အီဂျစ်နိုင်ငံ၊ အလက်ဇန္ဒြီးယားမြို့မှ ကိုင်ရိုမြို့သို့ ပျံသန်းစဉ် ခရီးသည်တစ်ဦးက အသေခံဗုံးခွဲခါးပတ်ကို ဖောက်ခွဲလိုက်မည်ဟု   လေယာဉ်မှူးများကို ခြိမ်းခြောက်ပြီး ဆိုက်ပရက်စ်သို့ လမ်းကြောင်းပြောင်း ပျံသန်းစေကာ ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်သည်။

ဆိုက်ပရက်စ်ကို လေယာဉ်ဆင်းသက်ပြီးနောက်ပိုင်းတွင် ပြန်ပေးသမားက အီဂျစ်လူမျိုးခရီးသည်အားလုံးကို လွှတ်ပေးခဲ့ပြီး လေယာဉ်အမှုထမ်းများနှင့် အီဂျစ်လူမျိုးမဟုတ်သော ခရီးသည် များကို ဓါးစာခံအဖြစ်ဆက်လက် ထိန်းသိမ်းထားခဲ့ သေးသည်။

ပြန်ပေးသမား၏ ကိုယ်ပေါ်မှ အသေခံဗုံးခွဲခါးပတ်ဆိုသည်မှာ အမှန်တကယ်ပေါက်ကွဲနိုင်သည့်ခါးပတ်ဟုတ်၊ မဟုတ် ဆိုသည်ကိုမူ လက်ရှိအချိန်ထိ တိတိကျကျသိရှိရခြင်း မရှိသေးချေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly