စားအုန်းဆီ လက်ကားရည်ညွှန်းစျေးကျဆင်းသော်လည်း စျေးကွက်၌အမြင့်စျေးအတိုင်း ရှိနေသေး

By 007 (မဇ္စျိမ)
04 June 2023
စားအုန်းဆီ လက်ကားရည်ညွှန်းစျေးကျဆင်းသော်လည်း စျေးကွက်၌အမြင့်စျေးအတိုင်း ရှိနေသေး

စားအုန်းဆီလက်ကားရည်ညွှန်းစျေးနှုန်း တစ်ပိဿာလျှင် ကျပ် ၄,၀၀၀ အောက် ကျဆင်းခဲ့သော် လည်း ပြင်ပစျေးကွက်တွင် ၇,၀၀၀ ကျပ်၀န်းကျင်အထိရှိနေကြောင်း သိရသည်။

“ ၆၅၀၀ ကနေ ၇၀၀၀ ကြား ကိုယ့်စျေးနဲ့ကိုယ်ရောင်းနေကြတာပဲ။ ဒီမနက်၀ယ်ခဲ့တာတော့ ၆၉၀၀ နဲ့ မိ လာတယ်၊ ရည်ညွှန်းစျေးနဲ့ အပြင်ပေါက်စျေး ကွာဟချက်များနေတယ်”ဟု စားသုံးသူတဦးကပြောသည်။

စစ်ကောင်စီလက်အောက်ခံ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ က စားအုန်းဆီလက်ကားရည်ညွှန်းစျေးနှုန်းကို မေလ ၂၉ ရက်မှ ဇွန်လ ၄ ရက်အတွင်း တစ်ပိဿာလျှင် ၃,၉၆၀ ကျပ်နှုန်းသတ်မှတ်ခဲ့သော်လည်း ပြင်ပစျေးကွက်ပေါက်စျေးနှင့် ထက်၀က်နီးပါး ကွာဟနေခြင်း ဖြစ်သည်။
မေလပထမပတ်က စားအုန်းဆီလက်ကားရည်ညွှန်းစျေးနှုန်း တစ်ပိဿာလျှင် ၄၅၇၀ ကျပ်ရှိခဲ့ရာမှ ၃၉၆၀ ကျပ်နှုန်း ပြင်ဆင်သတ်မှတ်လိုက်သော်လည်း ပြင်ပစျေးကွက်တွင် လက်လီစျေးကျဆင်းခြင်းမရှိသေး ကြောင်း သိရသည်။

“စျေးတင်ရောင်းရင် အရေးယူမယ်ဘာညာသာအော်နေတာ လက်တွေ့မှာ ထိထိရောက်ရောက်မရှိတော့ စျေးကွက်မှာပရမ်းပတာဖြစ်မှာပဲ။ ကြပ်ကြပ်မတ်မတ်မလုပ်နိုင်ရင် ဘာညွှန်ကြားချက်မှ မထုတ်တာ အကောင်းဆုံးပဲ” ဟု ကုန်စျေးနှုန်းစောင့်ကြည့်လေ့လာသူတဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစားသုံးသူ့စျေးကွက်ကို စစ်ကောင်စီအလိုကျဖွဲ့စည်းထားသော သက်ဆိုင်ရာလုပ်ငန်းအလိုက် လုပ်ငန်းကြီးကြပ်ရေးကော်မတီများကထိန်းချုပ်လိုက်ခြင်းကြောင့် ရွှေနှင့် စက်သုံးဆီမှစ၍ အခြေခံစားသောက်ကုန်များပါ စျေးနှုန်း ကမောက်ကမဖြစ်နေရကြောင်း ကုန်စျေးနှုန်း စောင့်ကြည့်လေ့လာသူများက ဆိုသည်။

“ပဲဆီ၊ နှမ်းဆီစျေးတက်တာကြောင့်လည်း သူ(စားအုန်းဆီ)ပါ ၀ယ်လိုအား မြင့်တက်သွားတယ်၊ အခု စျေး ကွက်ထဲမှာ ၆,၀၀၀၊ ၇,၀၀၀ ၀န်းကျင်နဲ့ရောင်းကြတယ်၊ စျေးကစားနေတာတွေကြောင့် စျေးကွာတာပါ၊ ဒါက သက်ဆိုင်ရာက လိုက်စစ်ပြီး ထိန်းသိမ်းရမှာပါ။ ထိုင်နေလို့ချည်း မရဘူးလေ” ဟု စားသုံးဆီ ရောင်း ၀ယ်ရေးလုပ်ငန်းရှင်တဦးက သုံးသပ်ပြောကြားသည်။

စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကမူ စျေးကွက်အတွင်း စျေး တင်ရောင်းချခြင်း၊ စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများ ပြု လုပ်ပါက အရေးကြီးကုန်စည်နှင့်၀န်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု သတင်းထုတ် ပြန်ထားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly