အိန္ဒိယက နီပေါမှ လျှပ်စစ်ဓာတ်အား ၁၀ နှစ်ဝယ်ယူရေးနှင့် သဘောတူညီချက် ၇ ခု လက်မှတ်ရေးထိုး

အိန္ဒိယက နီပေါမှ လျှပ်စစ်ဓာတ်အား ၁၀ နှစ်ဝယ်ယူရေးနှင့် သဘောတူညီချက် ၇ ခု လက်မှတ်ရေးထိုး

အိန္ဒိယက နီပေါမှ နှစ်ရှည်လျှပ်စစ်ဓာတ်အား ဝယ်ယူရေး   သဘောတူညီချက်ကို အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့် နီပေါဝန်ကြီးချုပ် ပွတ်စပါးကာမယ်လ်ဒါဟယ်လ် ပရာချန်ဒါတို့က ထုတ်ပြန်ကြေညာခဲ့ပြီး ကုန်သွယ်ရေး၊ စွမ်းအင်၊ အခြေခံအဆောက် အအုံနှင့် တခြားကဏ္ဍများတွင် သဘောတူညီချက် ၇ ခုကို လက်မှတ်ရေးထိုးလိုက်သည်။

“အိန္ဒိယနဲ့ နီပေါတို့က ရေရှည်လျှပ်စစ်ဓာတ်အား ရောင်းချရေးသဘောတူညီချက်ကို ဒီနေ့မှာ လက်မှတ်ရေးထိုး ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့နိုင်ငံတွေရဲ့ လျှပ်စစ်ဓာတ်အားကဏ္ဍကို ပိုမိုခိုင်မာအားကောင်းစေမှာ ဖြစ်ပါတယ် ” ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဇွန်  ၁ ရက်က ဝန်ကြီးချုပ်၏ နိုင်ငံတော်ဧည့်ရိပ်သာ၌ ကျင်းပသည့် ပူးတွဲ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဒီဇင်ဘာလက ဝန်ကြီးချုပ်ဖြစ်လာပြီးနောက်ပိုင်း အိန္ဒိယသို့ တရားဝင် ၄ ရက်ကြာ အလည်အပတ်ရောက်ရှိနေ သည့် ပရာချန်ဒါက လာမည့် ၁၀ နှစ်အတွင်း အိန္ဒိယက နီပေါမှ မဂ္ဂါဝပ်တစ်သောင်း ရယူမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

နီပေါမှ ရေအားလျှပ်စစ်များကို အိန္ဒိယမှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ မကြာမီ တင်ပို့တော့မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ 

"အိန္ဒိယကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်အထိ နီပေါကနေ ၆၀ မဂ္ဂါဝပ်အထိ ဓာတ်အားတွေ မကြာမီ စတင်ပို့ လွှတ်တော့မှာ ဖြစ်သလို ဒီအတွက် ၃ နိုင်ငံ သဘောတူညီချက် လက်မှတ်ရေးထိုးရပါလိမ့်မယ်" ဟု ပရာချန်ဒါ က ပြောကြားခဲ့သည်။

အိန္ဒိယနှင့် နီပေါ၏ စွမ်းအင်ဆက်ဆံရေးသည် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေး၏ အဓိကကျသော အခန်းကဏ္ဍ တစ်ခု ဖြစ်သည်။ ခေါင်းဆောင်နှစ်ဦး လက်မှတ်ရေးထိုးခဲ့သည့် အဓိကသဘောတူညီချက်များထဲမှ တစ်ခုမှာ ပရာချန်ဒါ အိန္ဒိယသို့ မသွားရောက်မီ ရက်ပိုင်းအလိုတွင် နီပေါရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က ခွင့်ပြုခဲ့သည့် ၆၆၉ မဂ္ဂါဝပ်ထွက်ရှိမည့် အောက်အာရမ်ရေအားလျှပ်စစ်စီမံကိန်းအတွက် စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေး သဘောတူညီ ချက်ဖြစ်သည်။

အိန္ဒိယက အိမ်နီးချင်းနီပေါ၌ ၉၀ဝ မဂ္ဂါဝပ် အာရမ်-၃ ရေအားလျှပ်စစ် စီမံကိန်းကို ဖော်ဆောင်နေပြီး ၄၉၀ မဂ္ဂါဝပ် အာရမ်-၄ ရေအားလျှပ်စစ် စီမံကိန်းကိုလည်း အကောင်အထည်ဖော်ရန် စီစဉ်နေသည်။

ပြည်တွင်းလုပ်ငန်းများကာကွယ်ရေးအတွက် သွင်းကုန်အပေါ် လုံလောက်သော ကာကွယ်မှုအခွန်ကို နီပေါ ဂုန်လျှော်ထုတ်ကုန်များအပေါ် ရုပ်သိမ်းပေးရန်လည်း အိန္ဒိယကို နီပေါဝန်ကြီးချုပ်က တောင်းဆိုလိုက်သည်။ 

အိန္ဒိယနှင့် နီပေါတို့သည် မီးရထားလမ်းများ စတင်ဖွင့်လှစ်ခြင်း၊ ရေနံပိုက်လိုင်းတိုးချဲ့ခြင်းနှင့် ဒစ်ဂျစ်တယ် ငွေပေးချေမှု အပါအဝင် သဘောတူညီချက် ၇ ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။ ပထမအချက်မှာ ၁၉၉၂ ခုနှစ် အိန္ဒိယ-နီပေါ ကူးသန်းသွားလာရေးစာချုပ်ကို သက်တမ်းတိုးခြင်းဖြစ်သည်။

နီပေါသည် ပြန်လည်ပြင်ဆင်ထားသော သဘောတူညီချက်အရ ရထားလမ်းသစ်များအပြင် ကုန်းတွင်း ရေကြောင်းလမ်းများကိုလည်း အသုံးပြုနိုင်ကြောင်း ဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့သည်။

နီပေါတွင် ဓာတ်မြေသြဇာစက်ရုံ တည်ဆောက်ရေးအတွက် အိန္ဒိယက အကူအညီပေးမည်ဖြစ်ကြောင်းလည်း ခေါင်းဆောင်နှစ်ဦးက ကြေညာခဲ့သည်။

https://theprint.in/diplomacy/modi-prachanda-announce-10-year-power-trad...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly