မီးလျှံကြားမှမြေစာပင်များ (သို့မဟုတ်) ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြားမှ ပြည်သူတို့ဘဝ

By ပိုင်စ
04 June 2023
မီးလျှံကြားမှမြေစာပင်များ (သို့မဟုတ်) ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြားမှ ပြည်သူတို့ဘဝ

အလျှံတငြီးငြီးဖြစ်စ မီးပုံ။ ထိုမီးပုံအထက် သုံးပေခန့်တွင် လက်ပြန်ကြိုးတုပ်ကာ လေထဲတွင် ကြိုးဖြင့် တွဲလောင်းချိတ်ဆွဲခံထားရသော လူတစ်ယောက်။ မီးအပူက ထိုလူကို ဟပ်နေသည်။ အရှိန်ရခါစ မီးညွန့်မီးတောက်တို့၏ အပူရှိန်ကြောင့် ထိန့်လန့်ကြောက်ရွံ့နေသည့် ထိုလူက မီးအပူဟပ်ခြင်းမှ သက်သာရာရအောင် ခြေထောက်နှစ်ဖက်ကို ရနိုင်သမျှ ကွေးထားပြီး ခန္တာကိုယ်ကို လွှဲယမ်းနေသည်။

ထိုသူက “ကျွန်တော်ဘာမှ မသိပါဘူး” ၊ “လွှတ်ပေးကြပါဗျာ” “သနားကြပါဗျာ” ဟု အော်ဟစ်ကာ ရှမ်းစကားဖြင့် ကြောက်လန့်တကြား ငိုယိုတောင်းပန်နေသည်။

သူ့ဘေးပတ်ချာလည်တွင်တော့ သေနတ်ကိုယ်စီလွယ်ထားသည့် စစ်ယူနီဖောင်းဝတ်စစ်သားသုံးဉီး။

“မှန်မှန်ဖြေစမ်း” “မင်းတို့ရွာမှာ ရှိတယ်မဟုတ်လား” စသည့်မေးခွန်းများကို ထိုသုံးဦးက ရှမ်းစကားဖြင့် အော်ဟစ်မေးနေ၏။

အထက်ပါ မြင်ကွင်းက ၂၀၂၃ မေလ ၉ ရက်နေ့တွင် လူမှုကွန်ရက်သို့ ပျံ့နှံ့လာသည့် ဗီဒီယိုဖိုင်ထဲမှ ဖြစ်ရပ်မှန်မြင်ကွင်းတစ်ခုဖြစ်သည်။မီးရှို့နှိပ်စက်ခံနေရသည့်သူက ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုံးမြို့နယ်၊ ဖောင်ဆိုင်ကျေးရွာမှ ရွာလူကြီး ဉီးစိုင်းဝါလ (ခ) လုံးဝါလ။လက်နက်ကိုင်ထားသူများမှာ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/ SSA) တပ်ဖွဲ့ဝင်များဖြစ်သည်။

“ဖြစ်တာကတော့ ဧပြီလ ၁၂ ရက်နေ့မှာ ဖြစ်ခဲ့တာဗျ။ SSPP နဲ့ မဟာမိတ် “ဝ” တပ်တွေ ရွာနားက ဖြတ်အသွားမှာ မိုင်းကွဲတယ်။ အဲ့ဒါနဲ့သူတို့က ရွာထဲမှာ RCSS က လူတွေရှိလား။ ဒီမိုင်းကို ဘယ်သူထောင်တာလဲဆိုပြီး ရွာသူကြီ ဉီးစိုင်းဝါလကို ဖမ်းပြီး အခုလို နှိပ်စက်စစ်ဆေးတယ်။ ရွာသားအချို့ကိုလည်း ဖမ်းသွားကြတယ်” ဟု ယင်း ဗီဒီယိုဖိုင်၏ဇစ်မြစ်ကို သိထားသည့် ဒေသခံတစ်ဦးက ရှင်းပြသည်။

အဆိုပါဒေသသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS နှင့် SSPPတို့အကြား နယ်မြေစိုးမိုးရေးအပြိုင်လုပ်နေပြီး စစ်ရေးတင်းမာနေသည့် ဒေသဖြစ်သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး အဝေးရောက်ရှမ်းတိုင်းရင်းသားအဖွဲ့အစည်းတစ်ခုဖြစ်သော (Tai Unity Organization Bangkok) က SSPP ကို ပြစ်တင်ရှုတ်ချသည့် ကြေညာချက်တစ်စောင် ချက်ချင်းထုတ်ပြန်ခဲ့သည်။ရှမ်းလူမျိုးများအနေဖြင့် SSPP ၏ အဆိုပါလုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ထိုလုပ်ရပ်အတွက် SSPP အဖွဲ့အနေဖြင့် တာဝန်ယူဖြေရှင်းပေးရန်နှင့် နောင်အလားတူဖြစ်စဉ်များ မပေါ်ပေါက်လာအောင် တာဝန်ယူပေးရန် Tai Unity Organization Bangkokကတောင်းဆိုခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး SSPPဘက်မှ အရိပ်အမြွက်မျှ ဝန်ခံခဲ့သလို ယင်းဖြစ်ရပ်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ချက်တစ်စောင် ထွက်ပေါ်လာခဲ့သည်။ ဉီးစိုင်းဝါလသည် RCSS ၏ သတင်းပေးဖြစ်၍ စစ်ဆေးနေခြင်းဖြစ်ပြီး ဉီးစိုင်းဝါလအား မီးရှို့ နှိပ်စက်သူများကိုလည်း စုံစမ်းစစ်ဆေးနေသည်ဟု SSPP/ SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဖုန်းဟန်က Myanmar Now သတင်းဌာနအား ပြောထားသည်။

“မြေပြင်မှာ ဖြစ်နေတဲ့ဟာကို စိတ်ဆန္ဒအနေနဲ့ စစ်ကြောရေးမှာ ကျော်လွန်ပြီးလုပ်သွားတဲ့အနေ အထားဖြစ်သွားတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး” ဟု သျှမ်းသံတော်ဆင့်သတင်းဌာနသို့ ဖြေကြားထားသည်။ထိုတုန့်ပြန်ချက်က ဒေသခံများနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအတွက် လုံလောက်သော အဖြေမဟုတ်ခဲ့ပေ။

၁၉၆၀ခုနှစ်ဝန်းကျင်မှ စတင်ခဲ့သော ရှမ်းလက်နက် ကိုင်တော်လှန်ရေးသည် ဆယ်စုနှစ်ခြောက်စုကျော်လာပြီးသည့်နောက်ပိုင်း အခြေအနေများ ပိုရှုပ်ထွေးလာနေသည်ဟု တိုင်းရင်းသားအရေးလေ့လာသူများက မှတ်ချက်ပြုကြသည်။ လူမျိုးပေါင်းစုံနေထိုင်ပြီး ဧရိယာကျယ်ပြန့်သည့် ရှမ်းပြည်နယ်အတွင်း သက်ဆိုင်ရာလူမျိုးစုအလိုက် လက်နက်ကိုင်များကလည်း များပြားလှသည်။ထိုသို့ များပြားလှသော လက်နက်ကိုင်အဖွဲ့အစည်းများတွင် ရှမ်းလူမျိုးများကို ကိုယ်စားပြုထားသည့် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သော RCSS နှင့် SSPP တို့သည် ယနေ့မျက် မှောက်ခေတ်တွင် နိုင်ငံရေးအရရော စစ်ရေးအရပါ ထိပ်တိုက်ရင်ဆိုင်မှုများ ရှိနေသည်။

၁၉၉၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သော ဗိုလ်ချုပ်ရွက်ဆစ် ဉီးဆောင်သည့် RCSS သည် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံနှင့်မိုင်းဆတ်၊ ရှမ်းပြည်နယ် တောင်ပိုင်းရှိမိုင်းပန်၊ မိုးနဲ၊ လဲချား၊ ကွန်ဟိန်း၊ ရပ်စောက်၊ မောက်မယ်၊ မိုင်းကောင်ဒေသများနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ နမ့်ခမ်းဒေသများတွင် အခြေချလှုပ်ရှားသည်။ စစ်တပ်နှင့် အပစ်ရပ်စာချုပ် ချုပ်ဆိုထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွယ်တိုင်းလျှန်းဒေသသည် RCSS ၏ ဌာနချုပ်ဖြစ်ပြီး ခန့်မှန်းအင်အား ၈,၀၀၀ အထက်ရှိကြောင်း မြန်မာ့မြန်မာဗျုဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျု - ISP Myanmar က ဖော်ပြထားသည်။

SSPP/SSA သည် ၁၉၇၁ ခုနှစ်က စတင်ဖွဲ့စည်းထူထောင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းတွင် ဌာနချုပ်ထားရှိသည်။ မိုင်းရှူး၊ ကျေးသီး၊ ကျောက်မဲ၊​ သီပေါ၊ မိုင်းရယ်၊ တန့်ယန်း၊ နမ္မတူ၊ နမ့်ခမ်း ၊ မိုးမောက် ၊ ပင်လုံနှင့် ရပ်စောက် ဒေသများတွင် လှုပ်ရှားပြီး ခန့်မှန်းအင်အား ၁၀,၀၀၀ နှင့် အထက် ရှိကြောင်း စမ်းတမ်းများကဆိုသည်။ တော်လှန်ရေးကာလတလျှောက်လုံးစစ်တပ်နှင့် ကျေအေးတခါ၊ တင်းမာတလှည့်ဖြစ်နေသည့် SSPPသည် ၂၀၁၅ - ၂၀၁၇ ခုနှစ်အတွင်းတွင် ၎င်းတို့၏ ဌာနချုပ်၊ ဝမ်ဟိုင်းကို စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခြင်းခံခဲ့ရသည်။ စစ်တပ်၏ ထိုးစစ်ကို တွန်းလှန်တိုက်ခိုက်နေရချိန် ဝမ်ဟိုင်းဌာနချုပ်နှင့် ၁၀ မိုင်ကျော်သာကွာဝေးသည့် SSPP ထိန်းချုပ်ဒေသ လွယ်ဟွန်းတောင်ကြောကို RCSSက ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ လွယ်ဟွန်းတောင်ကြောကို ပြန်ရရန်အတွက် SSPPက မဟာမိတ်ဖြစ်သော ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA )၏ စစ်ရေးအကူအညီရယူကာ RCSS ကို တိုက်ခိုက်ခဲ့သည်။ ထိုအချိန်မှစ၍ SSPP နှင့် RCSS သည် စစ်ရေးတင်းမာခဲ့ပြီး ၎င်းတို့၏ အားပြိုင်မှုကြားတွင် လူထုက မြေစာပင်အဖြစ် စတေးခံဘဝရောက်နေကြောင်း ဒေသခံလူထုက ညည်းတွားသည်။လတ်တလောတွင် RCSS ကတစ်ဖက်၊ SSPP နှင့် မဟာမိတ်များက တစ်ဖက် အကျိုးစီးပွားကို အခြေခံသော စစ်ရေးတင်းမာမှုများကြားတွင် ပြည်သူလူထုသည် အားကိုးရာမဲ့နေသည်ဟုဆိုသည်။

“ဝ တပ်ဖွဲ့တွေက SSPP ကို စစ်ကူပေးဖို့ ဆိုပြီး သံလွင်ဒီဘက်ခြမ်းကို ကူးလာကြတယ်။ RCSS ရဲ့ အခြေစိုက်စခန်းတွေအားလုံးကို သိမ်းဖို့တိုက်ပွဲတွေဖြစ်ကြတာပေါ့။ ဒီကိစ္စမှာ ကြားထဲက ဒေသခံတွေက လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ ပိုဆိုးရွားလာတယ်” ဟု အမည်မဖော်လိုသည့်ဒေသခံတက်ကြွလှုပ်ရှားသူတစ်ဉီးက‌ ပြောသည်။

လူမှုကွန်ယက်တွင်ပျံ့နှံ့ခဲ့သည့် ရွာလူကြီးဉီးစိုင်းဝါလကဲ့သို့ပင် လဲချား၊ မိုင်းရှူး၊ ကျေးသီး၊ မိုင်းနောင်၊ ရပ်စောက်၊ ကျောက်မဲ၊ ဖောင်းဆိုင်တို့မှ ဒေသခံ ၂၄ဉီးကို ၂၀၂၃ ဧပြီလအတွင်း SSPPနှင့် မဟာမိတ်အဖွဲ့များက ဖမ်းဆီးခဲ့သည်ဟု သတင်းများထွက်ပေါ်လာသည်။ထို ၂၄ဦး၏ ကံကြမ္မာကို မသိရသေး‌ပေ။

အရပ်သားများအားဖမ်းဆီးနှိပ်စက်ခြင်းအပြင် အမျိုးသမီးများအား လိင်စော်ကားမှုများပြုလုပ်ခြင်းနှင့် အတင်းအဓမ္မ စစ်သားစုဆောင်းနေမှုများ၊ လူ့အခွင့်အရေးချိုးဖောက်နေသည့် လုပ်ရပ်များကို SSPP ရော RCSS ကပါ ကျူးလွန်နေသည်ဟု ဒေသခံများကပြောသည်။ပြီးခဲ့သည့် မေလဆန်းပိုင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် တနေရာတွင် မီးရှို့သတ်ဖြတ်ခံထားရသော အရပ်သားနှစ်ဦး၏ ရုပ်အလောင်းကို ဒေသခံများက တွေ့ရှိခဲ့သည်။ လက်သည်တရားခံမှာမူ ထုံးစံအတိုင်း အစပျောက်နေသည်။

ရှမ်းပြည်လူထုအဖို့ လက်နက်ကိုင်နှစ်ဖွဲ့၏ ပဋိပက္ခကြား ယခုလို ဖမ်းဆီးသတ်ဖြတ်ခံနေရမှုများရှိသလို လူငယ်လူရွယ်များကိုလည်း အတင်းအဓမ္မစစ်သားစုဆောင်းမှုဒဏ်ခံနေကြရသည်။

ကျောက်မဲမြို့နယ်၊ကျေးရွာတစ်ခုမှ သားနှစ်ယောက်မိခင်တစ်ဉီးက “အရင်က ယောက်ျားနှစ်ယောက်ရှိတဲ့ အိမ်ဆို တစ်ယောက်လာ၊ အခုကျ ယောက်ျားမရှိရင် မိန်းမလာ ဆိုတာမျိုးတွေ။ အချို့လည်း ကိုယ့်သားသမီးတွေကို မြို့ပေါ်အသိအိမ်တွေမှာ သွားထားကြရတယ်။ ဆန်၊ဆီ၊ဆားလစဉ်ပို့ပေးပြီး မြို့ပေါ် သွားဝှက်ထားရတဲ့သဘောပေါ့”ဟု ရှင်းပြသည်။

ထိုမျှသာမက။ နှစ်ဖက်လက်နက်ကိုင်အဖွဲ့များ၏ အသုံးစရိတ်အတွက် အခွန်ငွေခေါင်းစဉ်ဖြင့် ငွေ ကြေးကောက်ခံခြင်းကိုလည်း ဒေသခံပြည်သူတို့မှာ ခါးစည်းခံနေရပြန်သည်။

“တဖြည်းဖြည်းဆိုးဆိုးလာတယ်။ မနှစ်က ဈေးသည်တစ်ယောက်ကို တနှစ်စာ ဆယ်သိန်းကောက်တယ်။ ကျွန်တော်ဆို အတော်လေးတောင်းတောင်းပန်ပန်ပြောမှ နှစ်သိန်းလျော့ပေးတာ။ ဒီနှစ်တော့ စီးပွားရေးကလည်း မကောင်းတော့ ကျွန်တော်လည်း လာတောင်းရင် ဘာပေးရမှန်းမသိတော့ဘူး”ဟု ရှမ်း ပြည်နယ်မြောက်ပိုင်းကျေးရွာများတွင် ဆိုင်ကယ်တစ်စီးဖြင့် ဈေးလိုက်ရောင်းနေသည့် အမျိုးသားတစ်ဉီးက ဆိုသည်။

အဆိုပါအခက်အခဲများမှ လွတ်မြောက်ခွင့်ရရေး ကမ်းမမြင်လမ်းမမြင် ဘဝကိုရောက်ရှိနေပြီး မျှော်လင့်ချက်များလည်း ဆုံးရှုံးနေပြီဟု ဒေသခံလူထုက ငြီးတွားသည်။ လူထု၏ ကျဉ်းထဲကျပ်ထဲအခြေအနေကို အ‌ဖတ်ဆယ်၍ ရလိုရငြား တစ်ခုတည်းသော လုပ်ပိုင်ခွင့်မှာ ဥပဒေမဲ့ရမ်းကားနေသည့် လက်နက်ကိုင်အဖွဲ့များကို ပြစ်တင်ရှုတ်ချရေးသာ ရှိသည်ဟု အရပ်ဘက်အရေးဆောင်ရွက်သူများကပြောသည်။

ထိုအတောအတွင်း ဦးစိုင်းဝါလအပါအဝင် မတရားဖမ်းဆီးခံထားရသော ပြည်သူများကို ချက်ချင်းလွှတ်ပေးရန်အပါအဝင် ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်နေကြသည့် လက်နက်ကိုင်အဖွဲ့များအနေဖြင့် စစ်စည်းမျဉ်းဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေများအား လိုက်နာပေးကြရန် ပြည်တွင်း၊ ပြည်ပ တိုင်းရင်းသားကွန်ရက်များနှင့် အရပ်ဘက်အဖွဲ့အစည်း ၃၀ ကျော်က မေလ တတိယလပတ်ထဲတွင် ထပ်မံတောင်းဆိုထားသည်။ဒေသတွင်း၌ လက်နက် ကိုင်အဖွဲ့အစည်းများက ကျူးလွန်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၃၀ ကျော်ကို စိစစ်ကောက်ယူရရှိထားပြီး မည်သည့်အဖွဲ့မှ ကျူးလွန်ခဲ့သည်ကို သက်သေများ စုဆောင်းနေသည်ဟု ပြည်ပရောက် သျှမ်းအမျိုးသားရေးတက်ကြွလှုပ်ရှားသူ များကွန်ရက် (Oversea Shan Patriotic Network) မှ နန်းမောက်ဟွမ်က ပြောသည်။

ဦးစိုင်းဝါလ၏ သတင်းမှာမူ SSPP ထံတွင် လမ်း ဆုံးနေသည်။ ဦးစိုင်းဝါလ၏ ‌နောက်ဆက်တွဲအခြေအ‌နေကိုမေးမြန်းရန် SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဖုန်းဟန်ထံ အကြိမ်ကြိမ်ဆက်သွယ်ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှ်ိပေ။

ယခုအခါ မြန်မာပြည်အနှံ့အပြားတွင်ပြည်သူများကိုယ်တိုင်ပါဝင်နေသည့် စစ်အာဏာရှင်ခုခံတော်လှန်စစ်ပွဲများ အရှိန်မြင့်‌နေသည်။ ပြည်တွင်းစစ်မီးပွားသည် တစထက်တစ ကြီးမားလာသည်။ နိုင်ငံအနှံ့အပြား စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူး လွန်မှုများကြောင့် ပြည်သူများ ဒုက္ခပင်လယ်ဝေနေကြ ချိန် ရှမ်းပြည်နယ်တွင်လည်း ရှမ်းလက်နက်ကိုင်အချင်းချင်း ရန်စောင်မှုကြောင့် ဒေသခံများသည် ဦးစိုင်းဝါလကဲ့သို့ အပူမီးလောင်မြိုက်ခံနေရသည်။ တိုက်ပွဲမီးလျှံများအကြား ရှမ်းပြည်သူထူထုမှာ မြေစာပင်ဘဝ ရောက်နေကြဆဲပင်။

" ကျွန်တော်တို့ဟာ စတေးခံရဖို့သက်သက် မွေးဖွားလာသလိုပါပဲ" ဟု ရှမ်းတိုင်းရင်းသူ လူငယ်တစ်ဦးက

စိတ်ပျက်လက်ပျက် ငြီးတွားသည်။

စာတည်း - မောင်ကြီး

#mizzima

#RCSS

#SSPP

#ဉီးစိုင်းဝါလ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly