နာရေးအိမ်က ပြန်လာသည့် အမြောက်တပ်မှ တပ်ကြပ်ကြီး၏ ကား မိုင်းခွဲခံရ

By YT (မဇ္ဈိမ)
03 June 2023
နာရေးအိမ်က ပြန်လာသည့် အမြောက်တပ်မှ တပ်ကြပ်ကြီး၏ ကား မိုင်းခွဲခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အခြေစိုက် အမြောက်တပ် (အမတ-၃၁၀) မှ တပ်ကြပ်ကြီးတစ်ဦး၏ကားအား မိုင်းဆင်၍ ဖောက်ခွဲခဲ့ကြောင်း Soul Takers-Yangon Underground Force က ဇွန်လ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

အဆိုပါ ကားကို ဇွန်လ ၁ ရက်နေ့၊ ညဉ့်သန်းခေါင်ယံအချိန်တွင် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

သိမ်ဇရပ်မြို့ မြသိန်းတန်ဘုရား အရှေ့ဘက်ရှိ နာရေးအိမ်တွင် ရောက်နေသော ထိုတပ်ကြပ်ကြီး၏ Honda Fit ခဲရောင်ကားအား မိုင်းထောင်ပြီး ၎င်းတို့ နာရေးအိမ်မှ ပြန်အထွက် ကားကွေ့နေချိန်တွင် Soul Takers-Yangon Underground Force နှင့် မိတ်ဖက်အဖွဲ့ က ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဖောက်ခွဲချိန်တွင် တပ်ကြပ်ကြီးနှင့်အတူ လိုက်ပါလာသော တပ်ကြပ် တင်မောင်အေးနှင့် ၎င်း၏ တပည့်များသည် ကားပေါ်မတက်ရသေးဘဲ တပ်ကြပ်ကြီးတစ်ဦးတည်းသာ ကားပေါ်၌ ရှိနေပြီး မိုင်းပေါက်ကွဲမှုကြောင့် တပ်ကြပ်ကြီးမှာ ကားဘေးသို့ လွင့်စင်ထွက်သွားကြောင်း ဖြစ်စဉ်ကို သိရှိသော ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

" ဖဲရိုက်နေတုန်း ကားမှာ မိုင်းဆင်ထားတာ၊ သူတို့ပြန်အထွက် တပ်ကြပ်က ကားကို ပြန်ကွေ့နေတဲ့အချိန် ဖောက်ခွဲလိုက်တာ၊ တပ်ကြပ်ကြီးကတော့ ကားဘေးကို လွင့်ထွက်သွားတာ၊ သေတော့ မသေဘူး၊ ကားကတော့ ပျက်စီးသွားပါတယ်" ဟု သတင်းရင်းမြစ်က ပြောသည်။

မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် လူသေဆုံးမှု မရှိသော်လည်း ကားနှင့် ကားပေါ်တွင် ပါလာသော လက်နက်ခဲယမ်းအချို့ ပျက်စီးသွားကြောင်းနှင့် စစ်ကောင်စီတပ်က မိုင်းထောင်ဖောက်ခွဲခံရသော ကားအား ညတွင်းချင်း သယ်ထုတ်သွားကြောင်း သိရသည်။

ကားတွင် မိုင်းထောင်၍ ဖောက်ခွဲခြင်းနှင့် ပတ်သက်၍ Soul Takers -Yangon Underground Force အား မဇ္ဈိမက ဆက်သွယ်ခဲ့ရာ"ထုတ်ပြန်ချက်ထဲက အတိုင်းပါပဲ။ ကျန်တဲ့ အတိအကျတော့ ကျနော်တို့ မထုတ်ပြန်ချင်လို့ပါ။ ဒေသခံတွေ လုံခြုံရေးလည်း ထည့်စဉ်းစား ရပါတယ်ဗျ" ဟု တာဝန်ရှိသူက ပြောသည်။

ထိုဖြစ်ရပ် အပြီး သိမ်ဇရပ်မြို့တွင် စစ်ကောင်စီက ၎င်း၏ လက်နက်ကိုင် အစောင့်စစ်သားများကို အင်အားတိုးမြှင့် ချထားကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၁) နယ်မြေဖြစ်သော သထုံခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။

ယနေ့ ဇွန်လ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲက ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ လက်ပံပင်သင်္ချိုင်းတွင် တပ်စွဲထားသော စစ်ကောင်စီစခန်းအား တော်လှန်ရေးပူးပေါင်းတပ်မှ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်သားသုံးဦး သေဆုံးခဲ့သည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ကျိုက်ထို

#အမတ(၃၁၀)တပ်ကြပ်ကြီး

#Mizzima

#STYUF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly