စစ်ကောင်စီနှင့် ညီနောင် ၃ ဖွဲ့ မိုင်းလားတွေ့ဆုံပွဲ သဘောတူညီမှုမရဘဲ ပြီးဆုံးဟုဆို

By မိုးသောက် (မဇ္ဈိမ)
03 June 2023
စစ်ကောင်စီနှင့် ညီနောင် ၃ ဖွဲ့ မိုင်းလားတွေ့ဆုံပွဲ သဘောတူညီမှုမရဘဲ ပြီးဆုံးဟုဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့တွင် ပြုလုပ်သည့် ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့ တွေ့ဆုံပွဲသည် မည်သည့်သဘောတူညီချက်မျှမရဘဲ ပြီးဆုံးသွားပြီဖြစ်ကြောင်း မြောက်ပိုင်းအဖွဲ့များနှင့် နီးစပ်သူထံမှ သိရသည်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDA)၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့တို့သည် ဇွန်လ ၁ ရက် နှင့်၂ ရက်တို့တွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး သဘောတူညီချက် မရရှိခဲ့ကြောင်း မြောက်ပိုင်းအဖွဲ့များနှင့် နီးစပ်သူက မဇ္ဈိမကိုပြောသည်။

“ကျနော် သိသလောက်ကတော့ ဘာမှသဘောတူညီချက်မရဘဲနဲ့ ပြီးသွားတယ်ကြားပါတယ်။ ပွဲပျက်တယ်ဆိုတာထက် ဘာသဘောတူညီချက်မှ မရဘဲနဲ့ ပြီးသွားတယ်ဆိုတာ ပိုပြီးတော့မှန်ပါလိမ့်မယ်။ ပွဲကတော့ ပြီးသွားပြီပြောတယ်” ဟု ၎င်းက ပြောသည်။

တွေ့ဆုံပွဲအခြေအနေ အသေးစိတ်ကို သိရှိနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့သုံးဖွဲ့ထံသို့ မဇ္ဈိမအနေဖြင့် ဆက်သွယ်ရန် ကြိုးစားနေဆဲဖြစ်သည်။

ဇွန်လ ၁ ရက်‌ ဆွေးနွေးပွဲတွင် ညီနောင်သုံးဖွဲ့က မတရားအသင်းအဖြစ်မှ ပယ်ဖျက်ရေးအပြင် အချက်သုံးချက်ကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

“ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ ဆွေးနွေးတာ သုံးချက်ရှိပါတယ်။ ဖမ်းဆီးခံထားရသူတွေ အမြန်ဆုံးလွတ်မြောက်‌ရေးကိစ္စ ၊ မတရားအသင်းကနေပယ်ဖျက်ရေးကိစ္စ၊ လက်ရှိရခိုင်ပြည်အတွင်းမှာ မိုခါမုန်တိုင်းသင့် ပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အဆင်ပြေချောမောစွာ ရောက်ရှိရေးကိစ္စ အဲဒီသုံးချက်ကို ကျနော်တို့ အဓိက ဆွေးနွေးခဲ့တာဖြစ်ပါတယ်” ဟု ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးကိစ္စနှင့် ရွေးကောက်ပွဲကိစ္စများကို အဓိကထား ဆွေးနွေးသွားခဲ့ပြီး ညီနောင်သုံးဖွဲ့ဘက်က မတရားအသင်းအဖြစ် သတ်မှတ်ထားချက်ကို ဖျက်ပေးရေးအတွက် အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်ပြီး NCAလက်မှတ်ရေးထိုးထားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “မတရားအသင်းက ပယ်ဖျက်တာတို့ အကြမ်းဖက်အဖွဲ့အစည်းက ပယ်ဖျက်တာတို့ ဆိုတာ NCA စာချုပ်မှာပါတယ်။ အဲဒါကို လက်မှတ်ထိုးတဲ့ အသင်းတွေဟာ မတရားအသင်းကနေပြီးတော့သော်လည်းကောင်း အကြမ်းဖက်အဖွဲ့အစည်းကသော်လည်းကောင်း ပယ်ဖျက်ပြီးဖြစ်တယ်။ ဒီတိုင်းပဲပယ်ဖျက်ခိုင်းတယ်ဆိုရင် စာချုပ်စာတမ်းမရှိဘူး ဖြစ်နေတယ်။ စာချုပ်စာတမ်းကို ယူပြီးတော့ အဲဒီစာချုပ်နဲ့အညီ ပယ်ဖျက်ရင်တော့ ပိုအဆင်ပြေတာပေါ့။ အဲဒါဆိုရင်တော့ နောက်ပိုင်းညှိနှိုင်းတာ ပိုလွယ်မှာပေါ့“ ဟုဆိုသည်။

အဆိုပါ တွေ့ဆုံနွေးပွဲကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာကောပေါင်လည်း တရုတ်နိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်သည်ဟု သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ရှမ်းပြည်နယ်

#မိုင်းလားမြို့

#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly