မုံရွာစစ်ကြောရေး ရောက်ရှိနေသည့် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင် နှိပ်စက်သတ်ဖြတ်ခံရမည်ကို စိုးရိမ်ရ

By MTO (မဇ္ဈိမ)
03 June 2023
မုံရွာစစ်ကြောရေး ရောက်ရှိနေသည့် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင် နှိပ်စက်သတ်ဖြတ်ခံရမည်ကို စိုးရိမ်ရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုဗန့်ဂျီကို ယနေ့ ဇွန်လ ၃ ရက်တွင် မုံရွာစစ်ကြောရေးသို့ ပို့ကာ စစ်ဆေးနေ၍ အကြမ်းဖက် နှိပ်စက် သတ်ဖြတ်ခံရမည်ကို စိုးရိမ်ကြောင်း ဆားလင်းကြီးမြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုဗန့်ဂျီအား စစ်ကောင်စီတပ်က မေလ ၃၁ ရက်တွင် ဖမ်းဆီးခဲ့ပြီးနောက် ညောင်ကြီးရဲစခန်းတွင် ရိုက်နှက်စစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့နောက် ရိုက်နှက်ခံထားသည့် ကိုဗန့်ဂျီအား လူနှစ်ယောက်ဖြင့်တွဲကာ မုံရွာစစ်ကြောရေးသို့ ပို့ဆောင်ပြီး နောက်ပိုင်း ကျန်အကြောင်းအရာများကို မသိရသေးကြောင်း ဆားလင်းကြီးမြို့နယ် (ပအဖ) မှ တာဝန်ရှိသူက ဆိုသည်။

“ စစ်ကြောင်း သတင်းထောက်လှမ်းရင်းနဲ့ စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတာ ။ ပထမက သူ့ကို ညောင်ကြီး ရဲစခန်းမှာထားတယ်။ နှိပ်စက်တယ် ရိုက်နှက်ပြီးတော့ စစ်ဆေးတယ်။ ဒီနေ့ မှာ မုံရွာ စစ်ကြောရေးကို ခေါ်ဆောင်သွားတယ်” ဟု ၎င်းက ပြောသည်။

ညောင်ကြီးရဲစခန်းတွင် ကိုဗန့်ဂျီအား မိသားစုနှင့် တွေ့ဆုံခွင့်ပေးမည်ဟု စစ်ကောင်စီတပ်ဘက်က ပြောဆိုသော်လည်း လုံခြုံရေးအရ သွားရောက်မတွေ့ဆုံခဲ့ကြကြောင်း ကိုဗန့်ဂျီ နှင့်နီးစပ်သူတစ်ဦးက ပြောသည်.

ကိုဗန့်ဂျီသည် ဆားလင်းကြီးမြို့နယ် (ပအဖ) အဖွဲ့ ၏ လျှပ်စစ်ဌာန အတွက် တာဝန်ထမ်းဆောင်နေသည့် (ပအဖ) အဖွဲ့ ဝင်တစ်ဦးဖြစ်ပြီး လျှပ်စစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် (ပအဖ) အဖွဲ့ ထံကသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်

#မုံရွာစစ်ကြောရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly