တရုတ်ချိပ်ပိတ်သိမ်းယူထားသော အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ဖိုးရှိ မြန်မာပို့ကုန်များအတွက် ဖြေရှင်းပေးစေလိုဟုဆို

By 007 (မဇ္ဈိမ)
03 June 2023
တရုတ်ချိပ်ပိတ်သိမ်းယူထားသော အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ဖိုးရှိ မြန်မာပို့ကုန်များအတွက် ဖြေရှင်းပေးစေလိုဟုဆို

တရုတ်ဘက်က ချိပ်ပိတ်သိမ်းယူထားသော မြန်မာကုန်သည်များ၏ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ဖိုးတန်ကြေးရှိ ပို့ကုန်များအတွက် နိုင်ငံတော်အဆင့်ဖြင့် ဖြေရှင်းဆောင်ရွက်ပေးစေလိုကြောင်း မြန်မာကုန်သည်များဘက်က တောင်းဆိုနေကြသည်ဟု သိရသည်။

“ဒီပစ္စည်းတွေနဲ့ပတ်သက်ပြီး၊ သိမ်းဆည်းတော့မယ်၊ လေလံပစ်တော့မယ် ဆိုတဲ့အသံတွေ ကြားနေရလို့ ကုန်သည်တွေရဲ့ ဆုံးရှုံးနစ်နာမှုတွေကို နိုင်ငံတော်အနေနဲ့ နိုင်ငံတော်အဆင့် ဖြေရှင်းပြီး ပြေလည်အောင် လုပ်ပေးစေချင်တယ်” ဟု မန္တလေးမြို့မှ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။

မြန်မာ-တရုတ်နယ်စပ် ဝမ်တိန်သစ်သီးကွင်းအတွင်းရှိ မြန်မာကုန်သည် ၄၀ ဦး ပိုင်ဆိုင်သော ပဲမျိုးစုံ၊ နှမ်းနှင့်ဆေးဝါးကုန်ကြမ်း တန်ချိန်တစ်သောင်းကျော်ကို တရုတ်နယ်စပ် ကုန်သွယ်ရေး အာဏာပိုင်များက ဧပြီလ ၂၄ ရက်နေ့တွင် ချိပ်ပိတ်သိမ်းယူခဲ့သည်။

တရုတ်တို့သိမ်းယူခဲ့သည့် အဆိုပါပို့ကုန်များသည် ကာလတန်ကြေး မြန်မာငွေကျပ် သိန်းပေါင်း ၃၀၀,၀၀၀ ကျော်(အမေရိကန်ဒေါ်လာ ၁၀ သန်း ကျော်)တန်ဖိုးရှိကြောင်း သိရသည်။

တရုတ်နိုင်ငံဘက်က ၎င်းတို့သိမ်းဆည်းခဲ့သည့် ကုန်များနှင့်ပတ်သက်၍ အခွန်အပြည့်အဝ မဆောင်ခြင်းကြောင့် သိမ်းဆည်းခြင်းဖြစ်ကြောင်း စွပ်စွဲထားပြီး မြန်မာကုန်သည်များဘက်က စွပ်စွဲချက်အားငြင်းဆိုသည်။

 “တရုတ်နယ်စပ်ဂိတ်ကို ဖြတ်တဲ့နေရာမှာ အခွန်ဆောင်ပြီးမှ တရုတ်ရဲ့ဝမ်တိန်ဂိုထောင်ကို ရောက်ရှိတာပါ၊ ဒါဆိုရင် ဒီပစ္စည်းတွေဟာ မှောင်ခိုတင်သွင်းတာမဟုတ်ကြောင်း၊ အထောက်အထားပြည့်စုံနေပါပြီ” ဟု မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းဌေးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

၎င်းတို့အနေဖြင့် မြန်မာကုန်သည်များ၏ ဆုံးရှုံးနစ်နာမှုများအတွက် နိုင်ငံတော်အဆင့်ဖြင့် ဖြေရှင်းဆောင်ရွက်ပေးရေးအတွက် မေလ ၃၀ ရက်က မန္တလေးကုန်စည်ဒိုင်(မန္တလေး ပွဲစား ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း)က သတင်းစာရှင်းလင်းပွဲပြုလုပ်၍ တရားဝင်တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။

သိမ်းဆည်းခံ ပို့ကုန်များသည် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှ ၂၀၂၃ ခုနှစ် ဧပြီလအတွင်း တင်ပို့ထားသော ပဲတီစိမ်း ၊ နှမ်း ၊ မြေပဲနှင့် ပရဆေးများ ပါဝင်သော ပို့ကုန်များဖြစ်ကြပြီး ပို့ကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းစာရွက်စာတမ်းများ၊ အခွန်ဆောင် တင်ပို့ထားသော ပို့ကုန်များဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲအရ သိရသည်။

“ကုန်သွယ်ဘက်နိုင်ငံအချင်းချင်း ဒီလိုမျိုးလုပ်တာတော့ အဆင်မပြေဘူးပေါ့ဗျာ၊ ကုန်သည်တွေရဲ့ဆုံးရှုံးနစ်နာမှု တစ်အားကြီးမားပါတယ်၊ ဒီအတွက် နိုင်ငံတော်အဆင့်နဲ့ ဖြေရှင်းပေးစေလိုပါတယ်” ဟု ကုန်သည်တစ်ဦးက ပြောသည်။

နှစ်နိုင်ငံ ကုန်သွယ်မှုဆိုင်ရာ အခက်အခဲများ ကြုံလာပါက သက်ဆိုင်ရာအစိုးရ အသီးသီးထံ တင်ပြအကူအညီပေးရေး သဘောတူညီချက်ကို မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းနှင့် ယူနန်ပြည်နယ်၊ တဟုန်းကုန်သည်ကြီးများ အသင်းတို့ကြား၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလက သဘောတူညီထားကြောင်း သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly