ပခုက္ကူမြို့နယ်၊ ကိုးပင်ကျေးရွာအနီးရှိ အထည်ချုပ်စက်ရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

By ကိုခင်မောင် (မဇ္ဈိမ)
03 June 2023
ပခုက္ကူမြို့နယ်၊ ကိုးပင်ကျေးရွာအနီးရှိ အထည်ချုပ်စက်ရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုးပင်ကျေးရွာအနီးရှိ အထည်ချုပ်စက်ရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ဒရုန်းငါးစီးဖြင့် လက်လုပ်အီနာဂါဗုံးသီး ၁၀လုံးကျော်အသုံးပြုကာ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာ ရရှိသူများရှိသည်ဟု ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ(၂)၊ Young Force UG တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်အင်အား ၂၀ ခန့် တပ်စွဲနေသော ကိုးပင်ကျေးရွာရှိ အထည်ချုပ်စက်ရုံအတွင်းကို ဇွန်လ၂ရက်နေ့ နေ့လယ် ၂နာရီခွဲ အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူများအား လာသယ်ဆောင်သော ကားကိုလည်း ထပ်မံဗုံးကြဲတိုက်ခိုက်နိုင်ခဲ့သည်ဟု Young Force UG တပ်ဖွဲ့ တာဝန်ရှိသူမှ မဇ္ဈိမသို့ ပြောသည်။

“အဲဒီ စစ်ကောင်စီတပ်သားတွေက စက်ရုံမှာ တပ်စွဲနေတာပါ။ ခရီးသွားပြည်သူတွေကို နှောက်ယှက်ငွေညှစ်နေတဲ့ အဆိုးဆုံး ဂိတ်ပါ။ ထိခိုက်တာတော့များမယ် ထိခိုက်သူတွေကို လာခေါ်တဲ့ကားကိုပါ ထပ်မံတိုက်ခိုက်ခဲ့တာပါ။ ဒဏ်ရာရတဲ့သူတွေကို ပခုက္ကူဆေးရုံးမှာ ခွဲစိတ်နေတယ်လို့ ကြားသိရပါတယ်” ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို လာသယ်သော ကားနှစ်စီးကို ထပ်မံတိုက်ခိုက်ရာ ကားများဇွတ်မောင်း၍ ထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Young Force UG တပ်ဖွဲ့မှ ရဲဘော်များကိုယ်တိုင် ထုတ်လုပ်ထားသော လက်လုပ်အီနာဂါ ဗုံးသီးများ အသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကိုးပင်ရွာရှိ အထည်ချုပ်စက်ရုံနှင့် အင်ပင်ဂိတ်မှ စစ်ကောင်စီတပ်များသည် လက်နက်ကြီးငယ်များဖြင့် ယမန်နေ့ညတွင် အနီးအနားရှိ ကျေးရွာများဘက်သို့ ရမ်းသန်းပစ်ခတ်နေကြောင်းလည်း Young Force UG မှ တာဝန်ရှိသူက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁ရက်နေ့တွင် ပခုက္ကူမြို့ရှိ တပ်မ(၁၀၁)မှ စစ်ကောင်စီတပ်သား တစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့သည်ဟု Young Force UG က သတင်းထုတ်ပြန်ထားသေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required