တီးတိန်တွင် စကစတပ်သား လက်နက်ခဲယမ်းနှင့်အတူ CDM လုပ်

By ကိုခင်မောင် (မဇ္ဈိမ)
03 June 2023
တီးတိန်တွင် စကစတပ်သား လက်နက်ခဲယမ်းနှင့်အတူ CDM လုပ်
ဓာတ်ပုံ- တပ်သား စသိန်းအောင်နှင့် ၎င်းယူဆောင်လာသော လက်နက်ခဲယမ်းအချို့ကို တွေ့ရစဉ် (PDF Zoland)

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့ အခြေစိုက် (ခလရ-၂၆၉) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသည် လက်နက်ခဲယမ်းနှင့်အတူ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်လာကြောင်း PDF Zoland တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဂျွန်က မဇ္ဈိမကို ပြောသည်။

တပ်သား စသိန်းအောင် ( ကိုယ်ပိုင်အမှတ် လ-၅၇၄၆၆၄) သည် စစ်ကောင်စီတပ် လက်အောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်လို၍  MA -1 သေနတ်တစ်လက်၊ ကျည်ဘောက် လေးခု၊ ကျည် ၂၆၀ တောင့်နှင့် အတူ  မေလ ၃၁ ရက်နေ့တွင် CDM ပြုလုပ်လာခြင်းဖြစ်ကြောင်း PDF Zoland က ပြောသည်။

လက်နက်ခဲယမ်းများနှင့်အတူ CDM ပြုလုပ်လာသော  တပ်သားစသိန်းအောင်ကို PDF တပ်ဖွဲ့က ဆုချီးမြှင့်ငွေ ကျပ်သိန်း ၅၀ ပေးအပ်ကာ ဘေးကင်းလုံခြုံရာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

PDF Zoland တပ်ဖွဲ့ထံသို့  ၂၀၂၃ ခုနှစ်အတွင်း တပ်သားစသိန်းအောင် အပါအဝင် CDM ပြုလုပ်လာသူ လေးဦးရှိကြောင်း PDF Zoland ပြောခွင့်ရသူ ကိုဂျွန်က ပြောသည်။

မေလ ၁၃ ရက်နေ့ကလည်း တွန်းဇံမြို့တွင်  တာဝန်ကျသော   ဖလမ်းမြို့ အခြေစိုက် ခလရ (၂၆၈) တပ်ရင်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား နှစ်ဦးကို PDF-Zoland မှ လွတ်မြောက်နယ်မြေ တစ်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“သူတို့နှစ်ဦးကိုတော့ ဒိမ်လိုရွာအနီးမှာ PDF Zoland မှ ဖမ်းမိတာပါ၊ စစ်ဆေးမေးမြန်းတော့ စစ်ကောင်စီတပ်တွင်းကနေ ထွက်ပြေးနေတာမှန်ကန်ကြောင်း သိရတယ်၊ အဲဒါကို ကျတော်တို့ PDF Zoland မှ လွတ်မြောက်နယ်မြေအထိ ပို့ပေးခဲ့တယ်” ဟု PDF Zoland တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဂျွန်က မဇ္ဈိမသို့ ပြောသည်။ 

အဆိုပါ စစ်ကောင်စီတပ်သားနှစ်ဦးမှာ  တပ်သားလမင်းအောင် (ကိုယ်ပိုင်အမှတ် တ-၅၇၃၉၅၀) နှင့် တပ်သား မျိုးချစ် (ကိုယ်ပိုင်အမှတ် တ-၅၇၂၂၃၅) တို့ ဖြစ်ကြောင်း သိရသည်။

PDF Zoland သည် အာဏာသိမ်း စစ်ကောင်စီတပ်ကို လက်နက်ကိုင် တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်ပြီး PDF Zoland ၏ အပတ်စဉ် (၁၁) အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့တွင် ကျင်းခဲ့ရာ ရပ်မိရပ်ဖများ၊ ဓမ္မဆရာများ၊ ဇိုမီးလွှတ်တော်အမတ်များ၊ Zomi Federal Union( ZFU) ဌာနအသီးသီးမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly