ကြာအင်းဆိပ်ကြီးရှိ ရဲစခန်းနှင့် အစိုးရရုံးများအား KNLA ပူးပေါင်းတပ်ဖွဲ့  ဝင်ရောက်စီးနင်းတိုက်ခိုက်

By YT (မဇ္ဈိမ)
03 June 2023
ကြာအင်းဆိပ်ကြီးရှိ ရဲစခန်းနှင့် အစိုးရရုံးများအား KNLA ပူးပေါင်းတပ်ဖွဲ့  ဝင်ရောက်စီးနင်းတိုက်ခိုက်
ဓာတ်ပုံ- S.O.F

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မြို့နယ်ရဲစခန်း၊ ခလရ(၂၈၄) အပါအဝင် အစိုးရရုံးများအား တပ်မဟာ (၆) KNLA ပူးပေါင်းတပ်ဖွဲ့က တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ရဲ ၁၀ ဦးခန့် သေဆုံးခဲ့ကာ ၁၅ ဦး ဒဏ်ရာရခဲ့ကြောင်း SOF တာဝန်ခံထံက သတင်းရရှိသည်။ 

ယမန်နေ့ ဇွန်လ ၂ ရက်နေ့၊ နံနက် ၄ နာရီမှစ၍ ကြာအင်းဆိပ်ကြီးမြို့နယ်ရဲစခန်း၊ ခလရ(၂၈၄)ဌာနချုပ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်တရားရုံး၊ လူဝင်မှုကြီးကြပ်ရေးရုံး၊ ဆက်သွယ်ရေးရုံး၊ အခွန်ရုံးတို့အား တပ်မဟာ (၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့( SOF)၊ Cloud Wings ဒရုန်းတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းစစ်ဆင်ရေးစတင်ခဲ့ကာ၊ နံနက် ၅ နာရီတွင် မြေပြင်မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

" မနက် ၄ နာရီလောက်မှာ ဒရုန်းမစ်ရှင်စတယ်။ ၅ နာရီ၊ မနက်မိုးလင်းတဲ့အချိန် ပစ်မှတ်ကို မြင်ရတဲ့အချိန်မှာ တစ်ပြိုင်တည်း စပြီးတိုက်တာပါ။ မနက် ၇ နာရီ​ ၄၅ မိနစ်လောက်မှာ တိုက်ခိုက်ရေးပြီးသွားတယ်၊ အဲ့ဒီကြားမှာတော့ တစ်မြို့လုံးအနေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုပြင်းထန်ခဲ့ပါတယ်" ဟု SOF တာဝန်ခံ ကိုအောင်စံရှားက မဇ္ဈိမကိုပြောသည်။

အဆိုပါ စစ်ဆင်ရေးတစ်ခုလုံးသည် နံနက် ၇ နာရီ ၄၅ မိနစ်တွင် ပြီးဆုံးခဲ့ပြီး ရဲစခန်းနှင့် ရုံးအဆောက်အဦများ ကြေမွပျက်စီးခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ ရဲနှင့်စစ်သား ၁၀ ဦးခန့်သေဆုံး၍ ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကာ တပ်မဟာ (၆) KNLA၊ SOF ပူးပေါင်းတပ်ဖွဲ့ဘက်တွင် ရဲဘော်နှစ်ဦး ခြေထောက်တွင် ဒဏ်ရာရခဲ့ပြီး တစ်ဦး ရင်ဘက်သို့ လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်း သိရသည်။ 

ပူးပေါင်းတပ်ဖွဲ့​၏ စစ်ဆင်ရေးပြုလုပ်နေချိန်အတွင်း စစ်ကောင်စီတပ်က Mi 35 ရဟတ်ယာဉ်နှစ်စီိးဖြင့် လေကြောင်းတိုက်ခိုက်မှု၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ကြာအင်းဆိပ်ကြီး အဝင်အထွက်လမ်းများအား အဆက်မပြတ် ပစ်ခတ်မှု ပြုလုပ်ခဲ့ရာ ဘာသာရေးအဆောက်အအုံများအပါအဝင် ရပ်ကွက်(၁) နှင့် ရပ်ကွက်(၆) အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ 

"နံနက် ၆နာရီ ၃၀ မိနစ်လောက်မှာ Mi 35 တစ်စီး စပြီးရောက်တယ်။ ၄၅ မိနစ်လောက်ကြာတယ်၊ ဗုံးသီး နှစ်လုံးချတယ်။ စက်လတ်နဲ့တောက်လျှောက် ပစ်တယ်။ အဲ့ တစ်စီးပြီးတော့ နောက်တစ်စီးရောက်တယ်။ ၉ နာရီ၊ ၁၀ နာရီလောက်ထိ သူတို့ပစ်တယ်။ သူတို့ပစ်တာက ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေကို မဟုတ်ဘူး။ တပ်ဖွဲ့ဝင်တွေ လုံးဝမရှိတဲ့ အဆောက်အဦတွေပေါ့နော်။ ဗလီပါတယ်၊ ဘုန်းကြီးကျောင်းတွေ ခရစ်ယာန်ဘုရားကျောင်းတွေပါတယ်" ဟု SOF တာဝန်ခံ ကိုအောင်စံရှားက ဆိုသည်။ 

စစ်ကောင်စီတပ်​၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် သံဃာတစ်ပါး ပျံလွန်တော်မူခဲ့ပြီး ဒေသခံနှစ်ဦး သေဆုံးခဲ့ရကြောင်း၊ စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ ပြည်သူများနေထိုင်ရာ ရပ်ကွက်များ၊ ဘာသာရေးအဆောက်အအုံများအား ပစ်ခတ်တိုက်ခိုက်ခြင်းသည် ပြည်သူလူထုအား ဖိအားပေးသည့်အနေဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း SOF တာဝန်ခံ ကိုအောင်စံရှားကဆိုသည်။

“ ဒါက မြို့တွင်းစစ်ဆင်ရေးဖြစ်နေတာပေါ့နော်။ မြို့တွင်းစစ်ဆင်ရေးဆိုတော့ ကျေးလက်စစ်ဆင်ရေးပုံစံ၊ သာမန်စခန်းသိမ်းတဲ့ပုံစံမျိုးနဲ့ လုံးဝမတူပါဘူး။ အဓိကကတော့ ပစ်မှတ်တွေကို တိတိကျကျ သတ်မှတ်ရတယ်။ မြို့တွင်းက ပြည်သူအများစုနေထိုင်တဲ့နေရာဖြစ်တဲ့အတွက်ကို သေနတ်ပစ်ခတ်တာ လက်နက်ကြီးပစ်ခတ်တာက အကန့်အသတ်ရှိတယ်။လွတ်လွတ်လပ်လပ်နဲ့ အရမ်းကြီး ပစ်ခတ်တိုက်ခိုက်လို့မရဘူး။ အဲ့ဒါကတော့ နည်းနည်းအခက်အခဲရှိတာပေါ့" ဟု ဆက်ပြောသည်။

SOF အနေဖြင့် ယခုကဲ့သို့ စစ်ကောင်စီတပ်သားများ အထိုင်ချရာ မြို့ပေါ်ရပ်ကွက်များရှိ အစိုးရရုံးများအား တိုက်ခိုက်ခြင်းသည် မြို့ပြစစ်ဆင်ရေးဖြစ်၍ ကျေးလက်စစ်ဆင်ရေးထက် ပို၍ အခက်အခဲများကြောင်း ဆိုသည်။

စစ်ကောင်စီတပ်နှင့် စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းများသည် ပြည်သူများအား ဖမ်းဆီးခြင်း၊ ပစ္စည်းသိမ်းယူခြင်း၊ သတ်ဖြတ်ခြင်းတို့အား ပြုလုပ်လေ့ရှိပြီး စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်၊ သေဆုံးမှုရှိနေသဖြင့် စစ်ကောင်စီတပ်အား တော်လှန်ရေးအင်အားစုများက အမြစ်ဖြတ်ချေမှုန်းသွားမည်ဟု SOF က ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required