ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့မရဲစခန်းအား ၄၀ မမဖြင့် မြို့ပြပြောက်ကျားအဖွဲ့ပစ်ခတ်တိုက်ခိုက် 

By ဂန္ဒမာ (မဇ္ဈိမ)
03 June 2023
ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့မရဲစခန်းအား ၄၀ မမဖြင့် မြို့ပြပြောက်ကျားအဖွဲ့ပစ်ခတ်တိုက်ခိုက် 

ရန်ကုန်တိုင်း ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ မြို့မရဲစခန်းအား ဇွန်လ၂ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် မြို့ပြပြောက်ကျားအဖွဲ့က ၄၀ မမ ဗုံးသီး၊ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"မစ်ရှင် ဖော်ဆောင်ပုံကတော့ ၄၀မမ သုံးပြီးတိုက်ခိုက်ခဲ့တာဗျ။ တိုက်ခိုက်မှု ဖြစ်စဥ်မှာကတော့ ကျနော်တို့ သိရသလောက် ဗုံးသီးကျသွားတဲ့ ဘန်ကာထဲမှာ မပစ်ခင် လေ့လာခဲ့တုန်းက ရဲ နှစ်ယောက်ရှိတယ်" ဟု တိုက်ခိုက်မှုပြုလုပ်သည့် Devil's Clan Urban Force အဖွဲ့ခေါင်းဆောင် Demon က မဇ္ဈိမကိုပြောသည်။

ယခု မစ်ရှင်ကို ဖော်ဆောင်ရန် အချိန်ယူခဲ့ရပြီး အဖွဲ့အနေဖြင့် စစ်ကောင်စီနှင့် လက်အောက်ခံ စစ်ရေးပစ်မှတ်ကိုသာ အဓိကထား တိုက်ခိုက်ခဲ့ကြောင်း ပြောသည်။

"မနေ့က ပေါက်ကွဲသံကြားတယ်။ ပြီးတော့ သေနတ်ပစ်သံတွေလည်း ကြားရတယ်။ဒဂုံဆိပ်ကမ်း မြို့နယ် အဝင်အထွက် ပိတ်စစ်တယ်။ ပဲခူးမြစ်လမ်းနဲ့ ရတနာလမ်းပိတ်ဆို့ စစ်‌ဆေးတယ်" ဟု ဒဂုံဆိပ်ကမ်းမြို့နယ်နေ ဒေသခံက ယမန်နေ့ညက မြေပြင်အခြေအနေကို ပြောသည်။

ရန်ကုန်တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) နဂါးနီ‌စစ်ကြောင်းမှ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)ထံ ပေးပို့ထားသည့်စာအရ Devil's Clan Urban Forceအဖွဲ့သည် ရန်ကုန်တိုင်းနယ်မြေတွင်လှုပ်ရှားနေသော မြို့ပြပြောက်ကျားအဖွဲ့ဖြစ်ကြောင်း သိရသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required