မြန်မာပြင်ဘက်ဆီ မူးယစ်ဆေးဝါး ကုန်ကူးရာ၌ ပင်လယ်ရေကြောင်းကို ပို၍ အသုံးပြုနေဟု ကုလသမဂ္ဂ ပြော

မြန်မာပြင်ဘက်ဆီ မူးယစ်ဆေးဝါး ကုန်ကူးရာ၌ ပင်လယ်ရေကြောင်းကို ပို၍ အသုံးပြုနေဟု ကုလသမဂ္ဂ ပြော
Photo-AFP

အာရှမူးယစ်ဆေးဝါး ကုန်ကူးသည့် ကွန်ရက်များသည် မြန်မာနိုင်ငံ ပြင်ဘက်ဆီ မက်သာဖက်တမင်း မူးယစ်ဆေးဝါးများ ကုန်ကူးရာတွင် ပင်လယ်ရေကြောင်းကို ပို၍ အသုံးပြုနေပြီး ၎င်းတို့၏ လုပ်ငန်းများကို ချဲ့ထွင်ရန်အတွက် ကက်တမင်း ဆေးဝါးများ ထုတ်လုပ်ရေးကို လုပ်ဆောင်နေကြောင်း ကုလသမဂ္ဂက သောကြာနေ့တွင် ပြောသည်။

စစ်အာဏာသိမ်းခံ မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု၏ ဒေသတွင်း အချက်အချာဖြစ်သော ရှမ်းပြည်နယ်မှ မက်သာဖက်တမင်း မူးယစ်ဆေးများကို တရုတ်နှင့် ထိုင်းတစ်လျှောက်က ကုန်းလမ်းများရှိ တင်းကြပ်သော ကင်းလှည့်မှုများကို ရှောင်ရှားနိုင်ရန် စက်လှေများဖြင့် ကုန်ကူးနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံး UNODC က နှစ်ပတ်လည် အစီရင်ခံစာ၌ ဖော်ပြသည်။

မြန်မာ၊ လာအိုနှင့် ထိုင်းကြားက နယ်စပ်ဒေသသည် တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ကုန်ကူးမှု အထူးသဖြင့် မက်သာဖက်တမင်းနှင့် ဘိန်းဖြူတို့အတွက်  ကာလရှည် အချက်အချာဒေသ ဖြစ်နေသည်။

တရုတ် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်နှင့် မြန်မာနှင့် ထိုင်းနယ်စပ်တစ်လျှောက်တွင် မူးယစ်ဆေးဝါး ကင်းလှည့်မှုများ တိုးမြှင့်ဆောင်ရွက်ခြင်းကြောင့် မူးယစ်ဆေးဝါး ကုန်ကူးသူများသည် ရေလမ်းကို ပြောင်းလဲအသုံးပြုကြရာ ၂၀၂၂ ခုနှစ်အတွင်း တရုတ်နှင့် ထိုင်းအာဏာပိုင်များ၏ မက်သာဖက်တမင်းဆေးများ ဖမ်းဆီးရမိမှု ကျဆင်းခဲ့သည်။

“ကုန်ကူးသူတွေဟာ လာအိုနဲ့ ထိုင်းမြောက်ပိုင်းကို ဖြတ်ပြီး မူးယစ်ဆေးဝါး တော်တော်များများကို ကုန်ကူးနေတယ်၊ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ မြန်မာကနေ အန်ဒမန်ပင်လယ်ဆီလည်း ပို့ဆောင်နေတာ ဖြစ်တယ်”ဟု UNODC ဒေသတွင်း ကိုယ်စားလှယ် ဂျာရီမီ ဒေါက်ကလပ်က ပြောသည်။

ယခု အစီရင်ခံစာတွင် မြန်မာနိုင်ငံမှ ထုတ်လုပ်သော မက်သာဖက်တမင်း ဆေးများ အမြောက်အမြား ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယသို့ ရောက်ရှိသည်ကို ဦးစားပေး ဖော်ပြထားသည်။

မက်သာဖက်တမင်း ဆေးဝါး အသုံးပြုခြင်းသည် တစ်ပါးသူပေါ် ယုံမှားသံသယ လွန်ကဲခြင်း၊ စိတ်အာရုံ ချောက်ချားခြင်း၊ အကြမ်းဖက်အပြုအမူများ ကျုးလွန်ခြင်းနှင့် ဆေးပြတ်ပါက ပြင်းထန်သည့် စိတ်ဝေဒနာ ခံစားရခြင်းတို့ ကြုံရကြောင်း ကျန်းမာရေး ပညာရှင်များက ပြောထားသည်။

၂၀၂၂ ခုနှစ်အတွင်း အရှေ့နှင့် အရှေ့တောင်အာရှရှိ ရဲများသည် မက်သာဖက်တမင်း ၁၅၁ တန်နီးပါးကို ဖမ်းဆီးရမိပြီး ၂၀၂၁ က ၁၇၂ တန် ဖမ်းဆီးနိုင်မှု စံချိန်ထက် လျော့နည်းခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.mizzima.com/article/spike-boats-smuggling-meth-out-myanmar-un
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required