ပခုက္ကူမြို့နယ်ရှိ အင်ပင်စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

By MTO (မဇ္ဈိမ)
02 June 2023
ပခုက္ကူမြို့နယ်ရှိ အင်ပင်စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ အင်ပင်စစ်ဆေးရေးဂိတ်ကို ယမန်နေ့ ဇွန်လ ၁ ရက်တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း A Nyar Eagles အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒရုန်း ခုနစ်စီးနဲ့ ဗုံးသီး အလုံးပေါင်း ၂၀ ကျော် ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။ မြေပြင်မျက်မြင်တစ်ဦးရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ဒီထက်ပိုများနိုင်မယ်လို့ ခန့်မှန်းပါတယ် “ ဟု ၎င်းကပြောသည်။

ယင်းစစ်ဆေးရေးဂိတ်သည် A Nyar Eagles အဖွဲ့၏ စစ်သုံးပစ္စည်းများကို မကြာခဏဖမ်းဆီးခဲ့သည့်အတွက် လက်စားချေသည့်အနေဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း A Nyar Eagles အဖွဲ့  တာဝန်ရှိသူက ဆိုသည်။

အဆိုပါ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည့်  A Nyar Eagles အဖွဲ့၏ စစ်သုံးလက်နက်ပစ္စည်းများမှာ AR 15 သေနတ် တစ်လက်၊ ကျည်အိမ် ၁၅ ခု၊ ၄၀ မမ ဗုံးသီး ရှစ် လုံး ၊ ကျည် ၁,၂၈၀ တောင့် နှင့် အခြားစစ်ဝတ်စုံများဖြစ်ပြီး မေလ ၂၇ ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း A Nyar Eagles အဖွဲ့က အတည်ပြုထားသည်။

ယင်းအပြင် အင်ပင်စစ်ဆေးရေးဂိတ်သည် ပခုက္ကူမြို့ပေါ်မှ ကျေးရွာများသို့ သယ်ဆောင်လာသည့် ကုန်ပစ္စည်းများကိုလည်း မကြာခဏယူဆောင်ထားလေ့ရှိကြောင်း A Nyar Eagles အဖွဲ့က ဆိုသည်။

ယခုတိုက်ခိုက်မှုကို  ANyar Eagles အဖွဲ့ နှင့် Earthquake PDF အဖွဲ့တို့၏ ပူးပေါင်းစစ်ဆင်ရေးအဖြစ် ဆောင်ရွက်ခဲ့ပြီး မြိုင် ပကဖ၊ RDF(Royal Defence Force)၊ Black Cheetah ၊Hero New GZ ၊ PPDF(ပခုက္ကူ People defence force)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၃)MOD ၊ MFDF(Myaing Fighter Defence Force)၊ MSPDF (Myaung Special People Defence Force) အဖွဲ့ နှင့် ကျားသစ်နက် အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly