သထုံနှင့်ဘားအံ အစပ်ရှိ စစ်ကောင်စီတပ်ဂိတ်ကို တော်လှန်ရေးအင်အားစုများ စီးနင်းတိုက်ခိုက် ၂ ဖက် ကျဆုံးမှုရှိ

By YT  ( မဇ္ဈိမ)
02 June 2023
သထုံနှင့်ဘားအံ အစပ်ရှိ စစ်ကောင်စီတပ်ဂိတ်ကို တော်လှန်ရေးအင်အားစုများ စီးနင်းတိုက်ခိုက် ၂ ဖက် ကျဆုံးမှုရှိ
ဓါတ်ပုံ- ဒုံသမိတံတားတိုက်ပွဲတွင် သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများ

မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ကရင်ပြည်နယ် ဘားအံမြို့နယ်အား ဆက်သွယ်ထားသော ဒုံသမိတံတားထိပ်ရှိ စစ်ကောင်စီတပ် လုံခြုံရေးဂိတ်စခန်းအား တော်လှန်ရေးအင်အားစုများက ယမန်နေ့ ဇွန်လ ၁ ရက်နေ့၊ နံနက် ၆ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အကျအဆုံး၊ အထိအခိုက်များရှိကြောင်း သတင်းရရှိသည်။

" စစ်ကောင်စီဘက်က ခုနစ်ယောက်သေတယ်။ ထိခိုက်ဒဏ်ရာရထားတာ များတယ်။ သူတို့ရဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပါတယ်။ တော်လှန်ရေးဘက်က နှစ်ယောက်ကျတယ်" ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ဒုံသမိတံတားထိပ်ရှိ စစ်ကောင်စီတပ်လုံခြုံရေးဂိတ်စခန်းအား တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က မြေပြင်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ပြီး နံနက် ၇ နာရီ ၄၀ မိနစ်နီးတွင် ပစ်ခတ်မှု ပြီးဆုံးခဲ့ကြောင်း သိရသည်။

ထိုထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်တွင် ဒုရဲအုပ် သီဟဇော်၊ ရဲတပ်ကြပ် စိုးညွန့်ဝင်း၊ တပ်ကြပ် အောင်ရဲနိုင်၊ ဒု တပ်ကြပ် ခွန်ဥက္ကာစိုး အပါအဝင် ခုနစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများခဲ့ကြောင်း၊ ၎င်းတို့​၏ သေနတ် ငါးလက်နှင့် ခဲယမ်းအချို့အား သိမ်းဆည်းရမိခဲ့ကြောင်း၊ တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်တွင် ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါထိတွေ့တိုက်ပွဲဖြစ်ပွားစဉ်တွင် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်သော လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့၍ ဒုံသမိတံတားအား ဖြတ်မောင်းရန် စောင့်နေသော အိမ်စီးကားနှစ်စီး မီးလောင်ပျက်စီးခဲ့ရပြီး ဒူးရင်းဆိပ်ကျေးရွာအတွင်း၌လည်း စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည်များ ကျရောက်ခဲ့၍ ဒေသခံများ ထိခိုက်ဒဏ်ရာရမှုရှိကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက်တွင်လည်း သထုံအခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၄)၊ ခမရ(၁)၊ အမတ(၄၀၂) တို့က နီးစပ်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ဒူးရင်းဆိပ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုများကာ အဆောက်အဦ၊ လယ်ယာ ထိခိုက်ပျက်စီးမှု များကြောင်း သိရသည်။ 

ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်အစပ်ရှိ သံတံတားစစ်ကောင်စီတပ်လုံခြုံရေးဂိတ်စခန်းအား တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက မြေပြင်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန် ၄၅ မိနစ်အတွင်း စစ်ကောင်စီတပ်သားနှစ်ဦးနှင့်အထက် သေဆုံးခဲ့ကာ တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့မှလည်း ရဲဘော်နှစ်ဦး မစိုးရိမ်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly