ထောင်ချထားသော သတင်းထောက် မှူးရတနာခက်မို့မို့ထွန်းအား ပြန်လွှတ်ရန် CPJ တိုက်တွန်း

ထောင်ချထားသော သတင်းထောက် မှူးရတနာခက်မို့မို့ထွန်းအား ပြန်လွှတ်ရန် CPJ တိုက်တွန်း

သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းအား ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ရန်နှင့် သတင်းသမားများအား ၎င်းတို့၏ သတင်းလုပ်ကိုင်မှုများအတွက် ထောင်ချနေခြင်းကို ရပ်တန့်ရန် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်အရေး ဆောင်ရွက်သည့်အဖွဲ့က မြန်မာနိုင်ငံအား တိုက်တွန်းသည်။

လွတ်လပ်သော Myanmar Pressphoto Agency သတင်းဌာနမှ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းသည် သတင်းတုများ ဖြန့်ဝေသည် စွဲချက်ဖြင့် ဒီဇင်ဘာလအတွင်းက ထောင်ဒဏ် သုံးနှစ် ချမှတ်ခံရသည်။ အကြမ်းဖက်အဖွဲ့အား ငွေကြေးထောက်ပံ့သည့် စွဲချက်ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ကို မေ ၂၆ ရက်တွင် ထပ်တိုးချမှတ်ကြောင်း အေဂျင်စီမှ အယ်ဒီတာ ဂျေပိုင်ကို ကိုးကားပြီး သတင်းသမားများ ကာကွယ်ပေးရေး ကော်မတီ CPJ က ထုတ်ပြန်သည်။

မမှူးရတနာခက်မို့မို့ထွန်းသည် ၂၀၂၁ ဒီဇင်ဘာ ၅ ရက် ဖမ်းဆီးခံရချိန်မှစကာ ရန်ကုန်ရှိ အင်းစိန်အကျဉ်းထောင်တွင် ထောင်ချခံထားရကြောင်း CPJ က ပြောသည်။ ရန်ကုန်၊ ကြည့်မြင်တိုင်တွင် ဆန္ဒပြသူအချို့အား စစ်သားများက ပစ်ခတ်သတ်ဖြတ်သည်ကို ၎င်းက သတင်းတင်ဆက်ခဲ့ခြင်း ဖြစ်သည်။

“အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို အာဏာပိုင်တွေက စစ်ကားတစ်စီးနဲ့ ဝင်တိုက်ရာမှာ သူနဲ့ Myanmar Pressphoto Agency ဓာတ်ပုံသမား ကိုကောင်းဆက်လင်းတို့ဟာ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရရှိကြတယ်”ဟု CPJ က ဖော်ပြပြီး မမှူးရတနာခက်မို့မို့ထွန်းတွင် ဦးခေါင်းနှင့် ခြေထောက်တို့၌ ထိခိုက်ဒဏ်ရာရ၍ ခွဲစိတ်ကုသရကြောင်း မှတ်ချက်ပြုသည်။

ကနဦး ပြစ်ဒဏ်စီရင်ချိန်ထိ ထောင်တွင်း ထိန်းသိမ်းခံခဲ့ရသည့် သူသည် wheelchair ဖြင့် နေနေခဲ့ရကြောင်း သူ့အယ်ဒီတာ ဂျေပိုင်အရ သိရသည်။ သို့ရာတွင် ယခုနှစ် အစောပိုင်း၌ ထောင်ဆေးရုံမှ ဆရာဝန်များက သူ့တွင် ဒုတိယအကြိမ် ခြေထောက်ခွဲစိတ်ရန် လိုအပ်သည်ဟု ဆုံးဖြတ်ခဲ့ပြီး နောက်ပိုင်းအခြေအနေကို CPJ က အတည်မပြုနိုင်ပေ။

“မြန်မာသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို ရက်စက်တဲ့ ထောင်ဒဏ်ချမှတ်တာဟာ အမျက်ထွက်စရာပဲ ဖြစ်တယ်၊ သူ့အပေါ် စွဲချက်တွေကို ချက်ချင်း ရုပ်သိမ်းရမှာ ဖြစ်တယ်”ဟု CPJ ၏ အရှေ့တောင်အာရှ အကြီးတန်းကိုယ်စားလှယ် ရှောင်ခရစ်ပင်းက ပြောသည်။ သတင်းလွတ်လပ်ခွင့်ကို နှိပ်ကွပ်ရန် အကြမ်းဖက်နှင့် နိုင်ငံတော် ဆန့်ကျင်မှု ပြစ်မှုများကို စစ်ကောင်စီက အသုံးချနေခြင်းအား ရပ်တန့်ရမည်ဖြစ်ပြီး ဖမ်းဆီးထားသည့် သတင်းသမားအားလုံးအား ပြန်လွှတ်ပေးရမည်ဟု ၎င်းက အလေးအနက် ပြောဆိုတိုက်တွန်းခဲ့သည်။

သတင်းလွတ်လပ်ခွင့်အတွက် ဖော်ဆောင်သော နိုင်ငံတကာ အကျိုးအမြတ် မမျှော်သည့် အဖွဲ့အစည်းဖြစ်သည့် နယ်စည်းမခြား သတင်းထောက်များ (RSF) အဖွဲ့ကလည်း မမှူးရတနာခက်မို့မို့ထွန်းအား ချက်ချင်းပြန်လွှတ်ရေးအတွက် တောင်းဆိုထားသည်။ သူ့အမှုအား ဆန်းစစ်ရန်နှင့် မြန်မာစစ်ခေါင်းဆောင်များကို ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်ရန် မြန်မာ့လူ့အခွင့်အရေး ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးအား RSF က တိုက်တွန်းထားသည်။

မမှူးရတနာခက်မို့မို့ထွန်းသည် မြန်မာနိုင်ငံ၌ ဖမ်းဆီးခံထားရသည့် သတင်းသမားနှင့် မီဒီယာဝန်ထမ်းများ ၇၀ တွင် တစ်ဦးအပါအဝင် ဖြစ်သည်။ မြန်မာနိုင်ငံသည် RSF ၏ ၂၀၂၃ ကမ္ဘာသတင်းလွတ်လပ်ခွင့်အညွှန်းကိန်း၌ နိုင်ငံ ၁၈၀ တွင် ၁၇၃ နိုင်ငံမြောက်အထိ အဆင့်နိမ့်ပါးလျက် ရှိသည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.occrp.org/en/daily/17708-press-freedom-watchdogs-urge-for-re...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly