ချိပ်ပိတ်သိမ်းဆည်းထားသည့် မြန်မာ့ ပဲ၊  နှမ်း တန်ချိန် ၁၀,၀၀၀ ကျော်ကို တရုတ်က လေလံတင်ရောင်းချရန် စီစဉ်

By 001 (မဇ္စျိမ)
01 June 2023
ချိပ်ပိတ်သိမ်းဆည်းထားသည့် မြန်မာ့ ပဲ၊  နှမ်း တန်ချိန် ၁၀,၀၀၀ ကျော်ကို တရုတ်က လေလံတင်ရောင်းချရန် စီစဉ်
photo- လူမှုကွန်ရက် (crd)

တရုတ်နိုင်ငံ ၊ ဝမ်တိမ်မြို့တွင် ချိပ်ပိတ်ခံထားရသည့် မြန်မာ့ ပဲ၊ နှမ်း တန်ချိန် ၁၀,၀၀၀ ကျော်ကို တရုတ်ဖက်က လေလံတင်ရောင်းချရန် စီစဉ်နေပြီဖြစ်ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

အခွန်အပြည့်အဝမပေးဆောင်ခြင်းဆိုသည့် အကြောင်းပြချက်ဖြင့် မြန်မာပြည်ဖက်က တင်ပို့သည့် ကုန်စည်များကို တရုတ်က ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က ချိပ်ပိတ်သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချိပ်ပိတ်သိမ်းဆည်းမှု တစ်လကျော်ကြာမြင့်ပြီးနောက် အဆိုပါ ကုန်စည်များကို လေလံတင်မည့်အကြောင်း တရုတ်ဖက်က ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က စာထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မည်သည့်နေ့ရက်တွင် လေလံတင်မည်ဆိုသည်ကိုမူ မသိရသေးကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။

ယင်း ကုန်စည်များမှာ မြန်မာနိုင်ငံဖက်က အခွန်အပြည့်အဝပေးဆောင်ပြီး တရုတ်နိုင်ငံဖက်သို့ တင်သွင်းခြင်းဖြစ်ကာ တရုတ်နိုင်ငံ၊ ဝမ်တိမ်မြို့ရောက်သည်အထိ တရားဝင် အခွန်အဆင့်ဆင့်ပေးဆောင်ပြီးမှ တင်ပို့ခြင်းဖြစ်ကြောင်း ကုန်သည်များကပြောသည်။

“ဒီဘက်ကတော့ ဆောင်ပေးလိုက်တယ်။ ဟိုထဲ ရောက်ရင် ဟိုဖက်က အကျိုးဆောင်တွေရှိတယ်လေ။ အကျိုးဆောင်တွေကနေ ဆောင်ပေးပြီးမှဝမ်တိမ်ဂိုထောင်ကို ရောက်ရတာကိုး။ ရောက်တော့ တစ်ချို့ကလည်းဆောင်တော့ဆောင်တယ်။ အပြည့်အဝမဆောင်ဘူးပေါ့ဗျ။ ကြည့်ရတဲ့ပုံစံကတော့ ၊ အဲ့ဒီအကျိုးဆောင်တွေနဲ့ သူတို့(တရုတ်)ဖက်က ဝန်ထမ်းတွေပေါ့ဗျာ။ custom အကောက်ခွန်ဝန်ထမ်းတွေနဲ့ အကျင့်ပျက် အကြံဖန်လုပ်ပြီးတော့မှ တချို့မဆောင်တာတွေရှိတယ်ပေါ့လေ။ အဲ့တာကြောင့် တရုတ်ဂိုထောင်တွေ ချိပ်ပိတ်ပြီး အကုန်လုံးကို သိမ်းဆည်းလိုက်တာပဲ”ဟု ကုန်သည်တစ်ဦးက ပြောသည်။

ထိုကိစ္စအတွက် တရုတ်နိုင်ငံက ကုန်စည်တင်ပို့သည့် ကိုယ်စားလှယ်သုံးဦးကိုလည်း ဖမ်းဆီးခဲ့ပြီး ထိုအထဲမှ မြန်မာမှတ်ပုံတင်ကိုင်ဆောင်ထားသည့် ကိုယ်စားလှယ် နှစ်ဦးမှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်သော်လည်း တရုတ်မှတ်ပုံတင်ကိုင်ဆောင်ထားသူတစ်ဦးမှာ လွတ်မြောက်ခြင်းမရှိသေးကြောင်း နောက်ထပ် ကုန်သည်တစ်ဦးက ပြောသည်။

“တရုတ်ပြည်က ပြီးခဲ့တဲ့ ၁၀ နှစ်ကတည်းက ဒီစနစ်ကို ကျင့်သုံးလာခဲ့တာ။ ကျွန်တော်တို့ ပစ္စည်းတွေဝင်သွားတာလည်း Custom တွေ အကုန်စစ်ဆေးပြီးမှ ဝင်တယ်။ တရားဝင် ဝင်သွားတာပေါ့။ အခုမှ လာပိတ်တယ်ဆိုတာက ဒါမတရားဘူး”ဟု ၎င်းက ပြောသည်။

အဆိုပါ ကုန်စည်များမှာ မြန်မာနိုင်ငံမှ ကုန်သည်များပိုင်သည့် ပစ္စည်းများဖြစ်​​သော်လည်း တရုတ်ပြည်ဖက်ရောက်သည့်အခါတွင် တရုတ်ကုမ္ပဏီနာမည်ခံပြီး တင်သွင်းရခြင်းဖြစ်သည့်အတွက် တရုတ်ဖက်က ၎င်းတို့ပိုင်သည့် ကုန်စည်များဖြစ်ကြောင်းသာ ယူဆထားကြောင်း ကုန်သည်များကပြောသည်။

“အခုလောလောဆယ်မြန်မာပြည်ကနေ ဌာနပေါင်းစုံပေါ့။ အစိုးရ နိုင်ငံတော်အဆင့်ထိကို ကျွန်တော်တို့က စာတင်ထားတယ်။ တရုတ်သံရုံးတွေ ဌာနကြီးကြီးငယ်ငယ်တွေအကုန်လုံးစာတင်ထားတယ်။ ဒီကိစ္စကို နိုင်ငံတော်ကနေ အကူအညီတောင်းပြီးတော့ ပြောပေးမလားပေါ့။ အဲ့ဒီမျှော်လင့်ချက်နဲ့ပေါ့။ နောက်သံရုံးကနေလည်း စာပို့ထားတယ်”ဟု အခြားကုန်သည်တစ်ဦးကလည်း ပြောသည်။

လက်ရှိတွင် မြန်မာကုန်သည် ၄၀ ကျော်၏ ပဲမျိုးစုံ၊ နှမ်းနှင့် ပရဆေးပစ္စည်းများ ချိပ်ပိတ် သိမ်းဆည်းခံထားရခြင်းဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း ၃၀၀,၀၀၀ ဖိုးခန့် ရှိကြောင်း  နယ်စပ်ကုန်သည်များထံမှ သိရသည်။

လက်ရှိ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ ၁ရက်​နေ့မှ ​မေလ ၁၉ရက်နေ့အထိ ပဲမျိုးစုံ ပြည်ပတင်ပို့မှုအ​ခြေအ​နေမှာ တန်ချိန်စုစု​ပေါင်း ၂၀၀,၀၀၀ ကျော်၊ တန်ဖိုး အ​မေရိကန်​ဒေါ်လာ သန်း ၁၇၀ ​​​ကျော်ရှိပြီး နယ်စပ်စခန်းများမှ တင်ပို့မှုမှ ကန်​ဒေါ်လာ ၂၂ သန်း​ကျော်ရရှိထား​ကြောင်း စစ်​ကောင်စီလက်​အောက်ခံ စီးပွား​ရေးနှင့် ကူးသန်း​ရောင်းဝယ်​ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly