တရုတ်နှင့် စင်ကာပူ စစ်ဘက်ဆိုင်ရာ အရေးပေါ်ဖုန်းလိုင်း ထားရှိမည်

တရုတ်နှင့် စင်ကာပူ စစ်ဘက်ဆိုင်ရာ အရေးပေါ်ဖုန်းလိုင်း ထားရှိမည်
Li Shangfu, left, meets Ng Eng Hen in Singapore. Photo: AP

တရုတ်နှင့် စင်ကာပူနိုင်ငံကြား အဆင့်မြင့် ဆယ်သွယ်ချိတ်ဆက်မှုကို ထားရှိမည့် နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာ အရေးပေါ် ဖုန်းလိုင်း ထားရှိရေး ကနဦးလုပ်ငန်းစဉ်ကို နှစ်နိုင်ငံက ဇွန် ၁ ရက်တွင် စတင်ပြီ ဖြစ်သည်။

တရုတ်သည် အမေရိကန်နှင့် တင်းမာမှု မြင့်တက်နေပြီး စေ့စပ်ညှိနှိုင်းမှုများလည်း ရပ်တန့်နေသည့် အခါသမယ၌ အာရှရှိ အမေရိကန်၏ နီးကပ်သော မဟာမိတ် စင်ကာပူနှင့် အရေးပေါ်ဖုန်းလိုင်း ထားရှိရန် ဆောင်ရွက်လာခြင်းပဲ ဖြစ်သည်။

“မိမိတို့၏ ကာကွယ်ရေး ခေါင်းဆောင်များကြား အဆင့်မြင့် ဆက်သွယ်ရေးအတွက်” လုံခြုံရေးတယ်လီဖုန်းလိုင်း ထူထောင်ရန် ဆောင်ရွက်သွားမည့် နားလည်မှု စာချွှန်လွှာကို တရုတ် ကာကွယ်ရေးဝန်ကြီး လီရှန်းဖုနှင့် စင်ကာပူကာကွယ်ရေးဝန်ကြီး ငိုင်အင်းဟန်တို့ လက်မှတ်ထိုးကြကြောင်း စင်ကာပူက ထုတ်ပြန်သည်။

“ခုလို အဆင့်မြင့် တာဝန်ရှိသူတွေကြား ဆက်သွယ်ရေးလိုင်းတွေ ထားရှိတာဟာ အပြန်အလှန် နားလည်မှုနဲ့ ယုံကြည်မှုကို ခိုင်မာစေဖို့ အရေးကြီးပါတယ်”ဟု မည်သည့်အချိန်တွင် ယင်း အရေးပေါ် ဖုန်းလိုင်း ထူထောင်မည်ကို အချိန်ကာလမဖော်ပြဘဲ စင်ကာပူ၏ ထုတ်ပြန်ချက်၌ ဆိုထားသည်။

လီသည် ကာကွယ်ရေးဝန်ကြီးအဖြစ် စင်ကာပူသို့ ပထမဆုံး ခရီးစဉ် ရောက်ရှိပြီး စင်ကာပူတာဝန်ရှိသူများနှင့် ကမ္ဘာနှင့် ဒေသတွင်း လုံခြုံရေး ကိစ္စရပ်များအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသည်။

နှစ်နိုင်ငံကြား ကာကွယ်ရေး ထူထောင်မှုသည် အပြန်အလှန် အကျိုးပြုနေပြီး လီ၏ ခရီးစဉ်က ရှည်ကြာပြီး နွေးထွေးသော မိတ်ဖက်ဆက်ဆံရေးကို မီးမောင်းထိုးပြနေကြောင်း စင်ကာပူက ဆိုသည်။

တစ်ချိန်တည်းမှာပင် စင်ကာပူ၏ နီးကပ်သော စစ်ရေးနှင့် စီးပွားရေး မိတ်ဖက် အမေရိကန်နှင့် တရုတ်ကြား ဆက်ဆံရေးက တင်းမာနေချိန် ယခုကဲ့သို့ တိုက်ရိုက်ဖုန်းလိုင်း ထူထောင်ရန် သဘောတူကြခြင်းလည်း ဖြစ်သည်။

စင်ကာပူ၌ ရှိနေစဉ် တရုတ်ကာကွယ်ရေးဝန်ကြီး လီအနေဖြင့် စင်ကာပူ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ၊ သံတမန်များနှင့် နိုင်ငံခေါင်းဆောင်များနှင့် တနင်္ဂနွေနေ့တွင် တွေ့ဆုံသွားမည် ဖြစ်သည်။ စနေနေ့တွင် ပြုလုပ်မည်ဖြစ်သော ရှန်ဂရီလာ ဆွေးနွေးပွဲ ၌ မိန့်ခွန်းပြောရန် ရှိသည့် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်းနှင့် အစည်းအဝေးပြင်ပတွင် တွေ့ဆုံသွားရန် အမေရိကန်၏ တောင်းဆိုချက်ကို လီက ပယ်ချခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://news.rthk.hk/rthk/en/component/k2/1703093-20230601.htm?spTabChan...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly