ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မေလ ၃၁ ရက်နေ့က နှစ်ပေါင်း ၄၄ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် နေ့အပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနရုံးမှ အချက်အလက်များအရ သိရသည်။
မေလ ၃၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် တိုင်းတာချက်အရ မြစ်ကြီးနားမြို့၏ အမြင့်ဆုံးအပူချိန်မှာ ၄၁ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ဖြစ်ကြောင်း ပြည်နယ်မိုးလေဝသနှင့်ဇလဗေဒရုံးမှ မြစ်ကြီးနားမြို့နယ် ဦးစီး အရာရှိ ဦးနိုင်လင်းထွေးကပြောကြားသည်။
“မြစ်ကြီးနားမြို့ရဲ့ နှစ်စဉ်မေလအတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၄၄ နှစ် ၁၉၇၉ ခုနှစ် မေလရဲ့ အမြင့်ဆုံးအပူချိန် ၄၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထက် ၀ ဒသမ ၃ ပိုခဲ့ပြီး စံချိန်သစ်တင် ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
မြစ်ကြီးနားမြို့တွင် ပြီးခဲ့သော မေလ ၂၉ ရက်နေ့က အမြင့်ဆုံးအပူချိန် ၄၀ ဒသမ ၂ ဒီဂရီစင်တီဂရိတ်၊ မေလ ၃၀ ရက်နေ့တွင် အမြင်ဆုံးအပူချိန် ၄၀ ဒသမ ၆ ဒီဂရီ စင်တီဂရိတ်နှင့် မေလ ၃၁ ရက်နေ့တွင် ၄၁ ဒသမ ၈ ဒီဂရီ စင်တီဂရိတ်ရှိခဲ့ကြောင်း ကချင်ပြည်နယ် မိုးဇလရုံးမှအချက်အလက်များအရ သိရသည်။
၁၉၇၉ ခုနှစ်က မြစ်ကြီးနားမြို့တွင် အပူချိန်မြင့်တက်ခဲ့သလို မိုးရာသီတွင်လည်း တမြို့လုံးနီးပါး ဧရာဝတီ မြစ်ရေလွှမ်းမိုးခဲ့ကြောင်း မြို့ခံများကပြောကြားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ