သံတံတား စစ်ကောင်စီတပ်ဂိတ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွား ၂ ဖက်ထိခိုက်အကျအဆုံးရှိ

By YT (မဇ္ဈိမ)
01 June 2023
သံတံတား စစ်ကောင်စီတပ်ဂိတ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွား ၂ ဖက်ထိခိုက်အကျအဆုံးရှိ
ဓါတ်ပုံ- KNU

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်အစပ်ရှိ သံတံတားစစ်ကောင်စီတပ်ဂိတ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် အထိအခိုက် အကျအဆုံးရှိကြောင်း သထုံခရိုင် PDF တာဝန်ခံထံက သိရသည်။

ယမန်နေ့ မေလ ၃၁ ရက်နေ့၊ နံနက် ၅ နာရီ ၄၀ မိနစ်မှစ၍ တပ်မဟာ (၁) KNLA၊ PDF ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က သံတံတားဂိတ်ရှိ စစ်ကောင်စီတပ်သားများအား ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲသည် အချိန် ၄၅ မိနစ်နီးပါး ကြာမြင့်ခဲ့သည်။

" မနက် ၅ နာရီ ၄၀ မှာ စတယ်။ ဖြစ်စဉ် ၄၅ မိနစ်လောက်တော့ ကြာသွားတယ်။ ရန်သူ့ဘက်က နှစ်ယောက်နဲ့အထက် ထိပါတယ်။ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ကလည်း နှစ်ယောက် ဒဏ်ရာအနည်းငယ်ရသွားပါတယ်။ မစိုးရိမ်ရပါဘူး" ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။ 

အဆိုပါထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်တွင် နှစ်ဦးနှင့်အထက် သေဆုံးခဲ့၍ အထိအခိုက်ဒဏ်ရာရသူများခဲ့ကြောင်း၊ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့မှလည်း ရဲဘော်နှစ်ဦး မစိုးရိမ်ဒဏ်ရာ ရခဲ့ကြောင်း ကိုအေးမင်းထွန်းက ဆိုသည်။ 

ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် တပ်မ(၄၄)လက်အောက်ခံ အမတ(၆၀၂)မှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး ထိုလက်နက်ကြီးကျည်တစ်လုံးသည် ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးကျေးရွာအတွင်းရှိ ဦးစောထွန်း​၏ နေအိမ်အတွင်း ကျရောက်ပေါက်ကွဲခဲ့၍​ ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

" ပြီးတော့ အမြောက်တပ်(၆၀၂)ကနေ လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်တယ်။ ရွာတွေကိုကျတယ်။ လှည်းလမ်းကူးရွာထဲကိုကျတော့ ဒေသခံခြောက်ဦး ထိခိုက်ဒဏ်ရာရပါတယ်။ အိမ်ထဲကိုကျတော့ အိမ်ထဲက ပြည်သူတွေကို ထိတာပေါ့" ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ဆက်လက်ပြောဆိုသည်။

ထိခိုက်ဒဏ်ရာရသူများမှာ အသက် ၃၀ နှစ်ကျော်အရွယ်ရှိကြသည့် ဦးစောထွန်း၊ ဒေါ်ဝင်းစန္ဒာမြင့်၊ ဦးထွန်းလင်း၊ ဦးစောထွန်း​၏ သား အသက် ၁၅ နှစ်အရွယ်ရှိ မောင်သိမ်းပိုက်စိုးစံ၊ ဦးထွန်းလင်း​၏ သားနှင့်သမီးဖြစ်သူ အသက် ၁၃ နှစ်အရွယ်ရှိ မောင်မြင့်မြတ်လင်းနှင့် အသက်ခြောက်နှစ်အရွယ်ရှိ မယွန်းရတီထွန်းတို့ဖြစ်ပြီး ဦးစောထွန်းနှင့် မောင်မြင့်မြတ်လင်းတို့​မှာ စိုးရိမ်ဒဏ်ရာဖြင့် ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ထိုဒေသခံခြောက်ဦး ထိခိုက်ဒဏ်ရာရခြင်းသည် တော်လှန်ရေးအင်အားစုမှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကော်စီတပ်​၏ ပြန်ကြားရေးချန်နယ်များမှ ထုတ်ပြန်ပြောဆိုနေကြပြီး ထိုကိစ္စအပေါ် ကိုအေးမင်းထွန်းက ၎င်းတို့ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုသည်။ 

" ဒါကတော့ ထုံးစံအတိုင်းပါပဲ သူတို့ဘာသာ သူတို့ ရွာထဲပစ်ပြီးရင် တော်လှန်ရေးအင်အားစုတွေအပေါ် မပြစ်ပုံချမယ်။ ဒါကတော့ သူတို့ရဲ့ သီအိုရီလိုဖြစ်နေပြီ။ ပွင့်ပွင့်လင်းလင်းဝန်ခံရရင် ဒီလိုလက်နက်ကြီးတွေဆိုတာ ကျွန်တော့ရဲ့ တပ်ရင်းတွေမှာတောင် ၁၂၀ မမ တို့ ၁၂၂ တို့တွေဆိုတာ မရှိသေးဘူးလေ။ ဘယ်ကပစ်တယ်ဆိုတာ ပြည်သူက သိတာပေါ့။ ရွာကိုမီးရှို့မယ်၊ ရွာထဲ ပစ်ထည့်မယ်၊ သူတို့ကိုယ်တိုင်လည်း အော်ပြောဖူးတယ် ရှေ့တန်းတစ်နေရာမှာပေါ့၊ မင်းတို့ ငါတို့ကိုပစ်ရင် ငါတို့ ရွာထဲပစ်ထည့်မယ်ဆိုပြီး အော်ပြောခဲ့ဖူးတယ်" ဟု သထုံခရိုင် PDF တာဝန်ခံက ဆိုသည်။

ယမန်နေ့ မေလ ၃၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲကြောင့် ကျိုက်ထိုနှင့် ဘီးလင်းအစပ်၊ ရန်ကုန်- မော်လမြိုင် ကားလမ်းမကြီးပေါ်တွင် ခရီးသွားယာဉ်များစွာ ပိတ်ဆို့မှု ခေတ္တဖြစ်ပေါ်ခဲ့ပြီး နံနက် ၈ နာရီအကျော်တွင်မှ လမ်းပြန်ဖွင့်ပေးခဲ့ကြောင်း ကျိုက်ထိုမြို့ ဒေသခံတစ်ဦးထံက သိရသည်။

သံတံတားစစ်ကောင်စီတပ်ဂိတ်အား KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များမှ မကြာခဏ ဒရုန်း၊ လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်လေ့ရှိပြီး စစ်ကောင်စီတပ်ဘက်ကလည်း ထိုသို့ပစ်ခတ်ခံရတိုင်း လူနေကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်လေ့ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required