မြန်မာအပါအဝင် အာရှနိုင်ငံများမှ ကလေးငယ်များ ရာသီဥတုဆိုင်ရာ မြင့်မားသော ဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရဟု ယူနီဆက်ဖ် အစီရင်ခံစာတွင် ဖော်ပြ

By Nikkei Asia
01 June 2023
မြန်မာအပါအဝင် အာရှနိုင်ငံများမှ ကလေးငယ်များ ရာသီဥတုဆိုင်ရာ မြင့်မားသော ဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရဟု ယူနီဆက်ဖ် အစီရင်ခံစာတွင် ဖော်ပြ
Photo-AFP

မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် အခြားသောအာရှနိုင်ငံများရှိ ကလေးငယ်များသည် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သည့် သဘာဝဘေးများမှ လာသော ကြီးထွားလာသည့် အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်ဟု ယူနီဆက်ဖ် (UNICEF) အဖွဲ့၏ အစီရင်ခံစာတစ်ရပ်တွင် တွေ့ရှိသည်။ ထို့အတွက်ကြောင့် သက်ရောက်ထိခိုက်မှုများကို နည်းနိုင်သမျှ နည်းစေရေး လျှော့ချရန် အခြေခံအဆောက်အအုံကို ဖွံ့ဖြိုးအောင် လုပ်ဆောင်ရန် လိုအပ်သည်ဟု ယင်းအစီရင်ခံစာတွင် တိုက်တွန်းသည်။

မွန်ဂိုလီးယားနှင့် တရုတ်မှ စပြီး မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ပစိဖိတ်ကျွန်းနိုင်ငံများအထိ အပါအဝင် အရှေ့အာရှနှင့် ပစိဖိတ်ဒေသရှိ အသက် ၁၈ နှစ်အောက် ကလေးငယ်များ၏ ၄၁ ရာခိုင်နှုန်းဖြစ်သည့် ကလေးငယ် ၂၀၄ သန်းသည် ရာသီဥတုပြောင်းလဲမှုနှင့် ဆက်နွယ်သည့် ငါးခု သို့မဟုတ် ယင်းထက်ပိုသော တုန်လှုပ်မှု (ရှော့ခ်) နှင့် ဖိစီးမှု ပုံစံအမျိုးအစားများနှင့် ရင်ဆိုင်နေရကြောင်း မေလတွင် ထုတ်ပြန်သည့် “Over the Tipping Point” အစီရင်ခံစာတွင် ဖော်ပြသည်။  အထက်ပါ ၄၁ ရာခိုင်နှုန်းသည် ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှ ၁၄ ရာခိုင်နှုန်းထက် ပိုများနေသည်။

ရာသီဥတု ရှော့ခ်များထဲတွင် အပူလှိုင်းများဒဏ်ခံရမှု မြင့်မားခြင်း၊ ပင်လယ်ကမ်းရိုးတန်းပိုင်း ရေလွှမ်းမိုးခြင်း၊ ရေရှားပါးခြင်း၊ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းများနှင့် အခြားရှော့ခ်များ ပါဝင်သည်။ သဘာဝဘေးဒုက္ခများသည် အကြိမ်ရေအားဖြင့် တိုးလာသည့်အပြင် ယင်းတို့သည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၊ ဒေသတစ်ခွင် သွယ်ဖြာကျရောက်သော သက်ရောက်မှုများကို ဖြစ်စေသည့် နေထိုင်မှုစရိတ်စက ကြီးမြင့်ခြင်း တို့ကဲ့သို့ ရာသီဥတုနှင့် မသက်ဆိုင်သည့် ရှော့ခ်များနှင့်လည်း အပြန်အလှန် ဆက်နွယ်နေသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

“တခြားဒေသတွေမှာတော့ ဒါ့ထက် ပိုနည်းပါးတဲ့ ကလေးငယ် ရာခိုင်နှုန်းတစ်ခုကပဲ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ရှော့ခ်အမျိုးမျိုးနဲ့ ဘေးအန္တရာယ်တွေကို တပြိုင်နက်တည်း တွေ့ကြုံနေကြရတယ်။ ဒါပေမယ့် ဒီဒေသမှာကျတော့ ပိုပြီးများပြားတဲ့ ရာခိုင်နှုန်းတစ်ခုနဲ့ ကလေးငယ်တွေဟာ တစ်ချိန်တည်း ဖြစ်ပေါ်တဲ့ ရာသီဥတု (ရှော့ခ်) အမျိုးအစားအသီးသီးရဲ့ ရိုက်ခတ်မှုကို ခံရတဲ့အတွက် ဒီဒေသဟာ ရာသီဥတုနဲ့ သက်ဆိုင်တဲ့ ရှော့ခ်တွေရဲ့ ဒဏ် အခံရဆုံးဒေသ ဖြစ်စေပါတယ်” ဟု ယူနီဆက်ဖ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ရေ၊ မိလ္လာနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ အကြံပေးအရာရှိ ဆယ်လ်ဗီးယား ဂါယာက ပြောသည်။

နိုင်ငံအလိုက်ဆိုလျှင် ဗီယက်နမ် ကလေးငယ်များအနက် ၅၇ ရာခိုင်နှုန်းသည် ငါးခု သို့မဟုတ် ယင်းထက်ပိုသည့် ရာသီဥတု ဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။ ဗီယက်နမ် အလယ်ပိုင်းတွင် ၂၀၂၀ ပြည့်နှစ် ရေလွှမ်းမိုးမှုကြောင့် ကလေးငယ် ၁၆၀,၀၀၀ ခန့်အပေါ် သက်ရောက်ထိခိုက်စေခဲ့ကြောင်း မှတ်ချက်ပြုပြီး ရေနှင့် မိလ္လာ အင်္ဂါရပ်များ ပျက်စီးမှုနှင့်အတူ သဘာဝဘေးဒုက္ခဆိုးက ကလေးများအတွက် ရေကြောင့် ဖြစ်ပွားသည့် ရောဂါများ၏ အန္တရာယ်ကို မည်သို့မည်ပုံ မြင့်တက်စေသလဲ ဆိုသည်ကို အစီရင်ခံစာတွင် အလေးပေး ဖော်ပြသည်။

ဖိလစ်ပိုင်တွင်လည်း မြင့်မားသော အချိုးအစားတစ်ခု ရှိနေပြီး ၃၈ ရာခိုင်နှုန်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်က ယင်းနိုင်ငံသည် မှတ်တမ်းမှတ်ရာများအရ အားအကောင်းဆုံး အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်သည့် ဂိုနီမုန်တိုင်းတိုက်ခတ်မှုဒဏ်ခံခဲ့ရပြီး နေအိမ်များ၊ ကျောင်းများနှင့် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်။

မြန်မာ (၁၂ ရာခိုင်နှုန်း) တွင်လည်း အပူချိန်များ မြင့်တက်ခြင်းနှင့် တစ်သမတ်တည်း မရှိသော မိုးရွာသွန်းမှု ပုံစံများကြောင့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှု လျော့ကျခြင်းနှင့် စားနပ်ရိက္ခာ မဖူလုံမှုတို့ကို ဖြစ်စေကြောင်းနှင့် ရာသီဥတု ပြောင်းလဲမှုက လူ့အသက်မွေးဝမ်းကျောင်းများအပေါ် ထိခိုက်သက်ရောက်စေသည့်အတွက် မိသားစုအများအပြားသည် ၎င်းတို့၏ ကလေးများ၏ ပညာသင်စရိတ်ကို တတ်နိုင်ခြင်း မရှိသည့်အခြေအနေသို့ ရောက်ရှိခဲ့ရသည်ဟု အစီရင်ခံစာတွင် မှတ်ချက်ပြုသည်။

Children in Vietnam, Philippines face high climate risks: report
https://asia.nikkei.com/Spotlight/Environment/Climate-Change/Children-in...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required