သားဖြစ်သူကို ၎င်းကဲ့သို့ ကမ္ဘာကျော်ဘောလုံးသမား ဖြစ်စေချင်ကြောင်း စီရော်နယ်ဒို ဆို

သားဖြစ်သူကို ၎င်းကဲ့သို့ ကမ္ဘာကျော်ဘောလုံးသမား ဖြစ်စေချင်ကြောင်း စီရော်နယ်ဒို ဆို

မတ် ၂၉၊ ပေါ်တူဂီ ။             ။ ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုက သားဖြစ်သူ စီရော်နယ်ဒိုဂျူနီယာကို ၎င်းကဲ့သို့ ကမ္ဘာကျော်ဘောလုံးသမားတစ်ဦး ဖြစ်စေလိုကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

စီရော်နယ်ဒို၏သားဖြစ်သူမှာ အသက် ငါးနှစ်အရွယ်သာ ရှိသေးသော်လည်း ဖခင်နှင့်အတူ ဘောလုံးကစားလေ့ရှိပြီး ကာယလေ့ကျင့်ခန်းများ ပြုလုပ်လေ့ရှိသည်။ ယခုအချိန်တွင် သားဖြစ်သူ ၏ရှေ့ရေးအတွက် ဘာဖြစ်မည်ကို မစဉ်းစားသေးသော်လည်း ၎င်း၏ခြေရာကို နင်းစေလိုကြောင်း စီရော်နယ်ဒိုက ဆိုသည်။

'ကျွန်တော့ရဲ့သားကို ကစားသမားတစ်ယောက်ဖြစ်စေချင်တယ်။ ကျွန်တော်က ဘောလုံးသမားဖြစ်လို့ သူ့ကိုလည်း အဲ့ဒီလို ဖြစ်စေချင်တယ်။

သူ့ကို အားကစား တစ်ခုခုတော့ လုပ်စေချင်တယ်။ သူ့မှာ အားကစားသမား အကျင့်စရိုက်မျိုးတွေ ရှိတာ တွေ့ရတယ်။ အခုအချိန်မှာ အသက်ငါးနှစ်ပဲ ရှိသေးပြီး အလွန်ငယ်သေးတဲ့ ကလေးတစ်ဦးဖြစ်ပေမယ့် သူက ဘောလုံးကို ချစ်တယ်။ ဒါက တကယ်ကို ကြီးမားတဲ့ လက်ဆောင်ပါပဲ' ဟု စီရော်နယ်ဒိုက ပြောသည်။

စီရော်နယ်ဒိုဂျူနီယာသည် ဘောလုံးဖြင့် အမြဲကစားသော်လည်း သူနှစ်သက်သည်ကိုသာ ရွေးချယ်စေမည်ဟုလည်း စီရော်နယ်ဒိုက ဆိုသည်။

'အိမ်မှာ ဘောလုံး အလုံး ၃၀ လောက်ရှိတယ်။ သူအမြဲ ဘောလုံးတွေနဲ့ ကစားတယ်။ ဒီလိုကစားရတာကိုလည်း သူကြိုက်တယ်။ ဒါပေမဲ့ သူ့ကို ဘောလုံးသမားတစ်ယောက် ဖြစ်လာဖို့ တွန်းအားပေးမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတာ ဒါက သဘာဝအတိုင်း ဖြစ်လာလိ့မ်မယ်။

သူဘာကိုပဲ နှစ်သက်သည်ဖြစ်စေ သူဖြစ်ချင်တာကို ဖြစ်ခွင့်ပေးမှာပါ။ ကျွန်တော်သူ့ကို တွန်းအားပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့ကို သူ့အဖေလိုပဲ ထိပ်တန်းဘောလုံးသမား ဖြစ်စေချင်တယ်' ဟု စီရော်နယ်ဒိုက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly