မြန်မာစစ်ခေါင်းဆောင်များအား သံတမန်ရေး ဖိအား ပိုပေးရန် ကုလသမဂ္ဂအကြီးအကဲဟောင်း တိုက်တွန်း

မြန်မာစစ်ခေါင်းဆောင်များအား သံတမန်ရေး ဖိအား ပိုပေးရန် ကုလသမဂ္ဂအကြီးအကဲဟောင်း တိုက်တွန်း

ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့ အံ့အားသင့်ဖွယ် ခရီးစဉ်အပြီးတွင် စစ်တပ်အုပ်ချုပ်နေသော မြန်မာနိုင်ငံက အာဏာပိုင်များအပြင် လက်နက်ကိုင် ခုခံတွန်းလှန်မှု အဖွဲ့ဝင်များနှင့်ပါ အဆက်အသွယ် ရှိနေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက ဗုဒ္ဓဟူးနေ့တွင် ပြောပြီး အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများကို သံတမန်ရေး ဖိအား ပိုပေးရန် တိုက်တွန်းလိုက်သည်။

အဆိုပါ အဆက်အသွယ် ရှိထားမှုနှင့် ပတ်သက်ပြီး ဘန်ကီမွန်းက နောက်ထပ် တစ်စုံတစ်ရာ မဖွင့်ဟသကဲ့သို့ ဧပြီလအတွင်း တွေ့ဆုံမှု၌ စစ်ခေါင်းဆောင်များနှင့် ပြောဆိုဆွေးနွေးမှု အသေးစိတ်ကိုလည်း ထုတ်ပြန်ခြင်း မရှိပေ။ ကမ္ဘာတစ်လွှားက ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး လုပ်ငန်းများအတွက် ဖော်ဆောင်နေသော The Elders အဖွဲ့၏ အခြားသော အဖွဲ့ဝင်များနှင့်အတူ ဆိုးလ်မြို့က သတင်းစာရှင်းလင်းပွဲတွင် ဘန်ကီမွန်းက ပြောဆိုခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ကျင့်သုံးနိုင်ဖို့ ကျွန်တော်တို့ ကူညီနိုင်သလောက် ကျွန်တော်ဟာ နှစ်ဖက်အုပ်စု အားလုံးနဲ့ နီးကပ်တဲ့ အဆက်အသွယ် ရှိထားတယ်”ဟု ဘန်ကီမွန်းက ပြောသည်။

မြန်မာအာဏာပိုင်များ၊ အာဆီယံ ၁၀ နိုင်ငံ၏ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရအား ဖြုတ်ချသည့် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက် ဖွဲ့စည်းထားသော အဝေးရောက်အစိုးရ NUG တို့နှင့် အဆက်အသွယ် ရှိနေဆဲ ဖြစ်သည်ဟု ဘန်ကီမွန်းက ပြောခြင်း ဖြစ်သည်။

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အခြားသော ထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံမှု၌ ဘန်ကီမွန်းသည် နိုင်ငံ၌ ဖြစ်ပွားနေသော အကြမ်းဖက် နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းနိုင်ရေးအတွက် အစပျိုးရန်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် တိုက်တွန်းခဲ့သည်။ ထိုပြင် မြန်မာက သဘောတူထားပြီး အာဆီယံက အဆိုပြုထားသော ငြိမ်းချမ်းရေး အစီအစဉ်နှင့် စစ်တပ်နှင့် ဒီမိုကရေစီ လိုလားသော ခုခံတော်လှန်ရေးအဖွဲ့များကြားက အကြမ်းဖက်မှုများ ရပ်တန့်ရေး သီးခြား ကုလသမဂ္ဂ ဆုံးဖြတ်ချက်တို့ကို အကောင်အထည်ဖော်ရန်လည်း တိုက်တွန်းခဲ့သည်။

ဘန်ကီမွန်း၏ မြန်မာခရီးစဉ်သည် စစ်ကောင်စီ၏ ဖိတ်ကြားချက်အရ ဖြစ်ပြီး တွေ့ဆုံမှုအတွင်း စစ်ကောင်စီများက ၎င်းအား ပြောဆိုခဲ့သည်များကို ၎င်းက နှုတ်ပိတ်နေဆဲပဲ ဖြစ်သည်။ စစ်ကောင်စီသည် စေ့စပ်ညှိနှိုင်းရေးအတွက် ပြင်ပမှ တိုက်တွန်းချက်များကို မြန်မာ၏ အချုပ်အခြာအား ထိပါးသည်ဆိုကာ ပယ်ချသကဲ့သို့ ဒီမိုကရေစီ လိုလားသော အတိုက်အခံများကို အကြမ်းဖက်များအဖြစ် သမုတ်ထားသည်။

ဧပြီလအတွင်း တွေ့ဆုံမှု၌ စစ်ကောင်စီ၏ “ဆွေးနွေးမှုများအား ရှောင်ရှားသည့်” ကြိုးပမ်းမှုများကို “ဘယ်တော့မှ လက်ခံလိမ့်မည် မဟုတ်”ဟု စစ်ခေါင်းဆောင်များအား ပြောဆိုခဲ့သည်ဟု ယခု သတင်းစာရှင်းလင်းပွဲတွင် ဘန်ကီမွန်းက ပြောသော်လည်း ၎င်းတို့၏ ပြောဆိုဆွေးနွေးခဲ့မှုများကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ယခင် ငြိမ်းချမ်းရေး ကြိုးစားအားထုတ်မှုများ အရာမထင်သည်ကို ကိုးကားပြီး ဘန်ကီမွန်း၏ ကြိုးပမ်းမှုအပေါ် အချို့သော အကဲဖြတ်များက ယုံမှားသံသယ ရှိထားကြသည်။

(မိုးသဲ ဘာသာပြန်သည်။)

https://apnews.com/article/myanmar-ban-kimoon-military-aa269d09ff7fa1f7f...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required