ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ ပထမဆုံးတပ်ရင်းဖြစ်သည့် တပ်ရင်း(၅၁၀၁) ကို စတင်ဖွဲ့စည်းကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီကို စစ်နည်းဗျူဟာကျကျ ပိုမိုထိရောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ ပထမဆုံးတပ်ရင်းဖြစ်သည့် တပ်ရင်း(၅၁၀၁)ကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းစစ်ဒေသခွဲအတွင်း ကာကွယ်ရေးတပ်မတော် တပ်ရင်း/ တပ်ဖွဲ့များကို စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများနှင့်အညီ စနစ်တကျစုဖွဲ့သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို စတင်ဖွဲ့စည်းကာ အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်နေခြင်းဖြစ်သည်။
စာတည်း- သန့်ဇော်(သန်လျင်)