ကိုဆိုဗိုနဲ့ ပတ်သက်ပြီး ဂျိုကိုဗစ် မက်ဆေ့ချ်ကို ပြင်သစ်အားကစားဝန်ကြီး ရှုတ်ချ

ကိုဆိုဗိုနဲ့ ပတ်သက်ပြီး ဂျိုကိုဗစ် မက်ဆေ့ချ်ကို ပြင်သစ်အားကစားဝန်ကြီး ရှုတ်ချ

ရိုလန်ဂါရို့စ်ရဲ့ အဖွင့်ပွဲမှာ အနိုင်ရအပြီး နိုဗက်ဂျိုကိုဗစ်က ကိုဆိုဗိုဟာ "ဆားဘီးယားရဲ့ နုလုံးသားမှာရှိတယ်"လို့ မက်ဆေ့ချ်ရေးခဲ့ပြီးနောက် ပြင်သစ်အားကစားဝန်ကြီးက သူ့ကို ဗုဒ္ဓဟူးနေ့မှာ ရှုတ်ချလိုက်ပါတယ်။

ဘယ်ဂရိတ်မှာ မွေးဖွားခဲ့တဲ့ တင်းနစ်စူပါစတားက "ကိုဆိုဗိုဟာ ဆားဗီးယားရဲ့ နှလုံးသားဖြစ်တယ်။ အကြမ်းဖက်မှုတွေကို ရပ်တန့်ပါ"လို့ နယ်မြေရှိ အယ်လ်ဘေးနီးယန်းတွေနဲ့ ဆာ့ဘ်လူမျိုးစုတွေအကြား ပြင်းထန်တဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကြားထဲ ပါရီမှာ တနင်္လာနေ့က ကင်မရာမှန်ဘီလူးပြင်ပေါ်  ရေးသားခဲ့ပါတယ်။

မွတ်စလင် အယ်လ်ဘေးနီးယန်း လူမျိုးစု အများစုနေထိုင်တဲ့ ကိုဆိုဗိုဟာ ၁၉၉၀ ပြည့်နှောင်းပိုင်းမှာ အဲဒီအချိန်က ယူဂိုဆလားဗီးယားမှ ခွဲထွက်ကာ ၂၀၀၈ မှာ လွတ်လပ်ရေးကြေညာခဲ့ပါတယ်၊၊ အိမ်နီးချင်း ခရစ်ယာန်အများစုဖြစ်တဲ့ ဆားဘီးယား ဒါမှမဟုတ် သူတို့ရဲ့မဟာမိတ် ရုရှားတို့က ဘယ်တုန်းကမှ လက်ခံခြင်းမရှိတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။

ပြင်သစ်အားကစားဝန်ကြီး Amelie Oudea-Castera က ဂျိုကိုဗစ်ရဲ့ မက်ဆေ့ချ်ဟာ "ရှင်းပါတယ်။ မသင့်လျော်ပါဘူး"လို့ France 2 ရုပ်သံသတင်းဌာနကို ပြောခဲ့ပါတယ်။

“ကစားကွင်းမှာ ကြားနေရေးဆိုတဲ့ အခြေခံမူတစ်ခုရှိတယ်။ လူ့အခွင့်အရေးကို ကာကွယ်တဲ့အကြောင်း မက်ဆေ့ချ်တွေ၊ လူတွေကို စကြာဝဠာတန်ဖိုးတွေအကြောင်း စုစည်းဖော်ပြတဲ့ မက်ဆေ့ချ်တွေကို အားကစားသမားတွေက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိတယ်။

"ဒါပေမယ့် ဒီကိစ္စမှာ ဒါက အင်မတန် တက်ကြွလှုပ်ရှားနေတဲ့ မက်ဆေ့ခ်ျတစ်ခုဖြစ်ပြီး ဒါက အရမ်းနိုင်ငံရေးဆန်တယ်။ အထူးသဖြင့် လက်ရှိအခြေအနေမှာ ခင်ဗျား မပါဝင်သင့်ဘူး၊ နောက်တစ်ကြိမ် ထပ်မဖြစ်သင့်ဘူး"လို့ ယခင်ပြင်သစ်တင်းနစ်အဖွဲ့ချုပ် အကြီးအကဲဟောင်းဖြစ်ခဲ့သူ Oudea-Castera က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ရိုလန်ဂါရို့စ်ရဲ့ဒါရိုက်တာ အေမီလီ မော်ရီစီမိုဟာ ဂျိုကိုဗစ်နဲ့ သူ့အဖွဲ့နဲ့ စကားပြောခဲ့ကြောင်းသူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ကိုဆိုဗိုနိုင်ငံ မြောက်ပိုင်းရှိ အယ်လ်ဘေးနီးယား လူမျိုးစု မြို့တော်ဝန်တွေ ခန့်အပ်တာနဲ့ပတ်သက်ပြီး ဆန္ဒပြမှုအတွင်း တနင်္လာနေ့က ဆာ့ဘ်လူမျိုးစုဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တွေ့ဆုံရာမှာ ကိုဆိုဗိုရှိ နေတိုးဦးဆောင်တဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၃၀ ဒဏ်ရာရရှိခဲ့ပါတယ်။

တင်းမာမှုတွေ မြင့်မားလာတာနဲ့အမျှ ဥရောပသမဂ္ဂနဲ့ တခြား အနောက်နိုင်ငံတွေက တည်ငြိမ်ဖို့ တောင်းဆိုခဲ့ပါတယ်။

ကမ္ဘာ့နံပါတ် ၃ နေရာမှာ ရပ်တည်နေတဲ့ ဂျိုကိုဗစ်က သူ့ရဲ့ မက်ဆေ့ချ်ကို ကာကွယ်ပြောဆိုခဲ့ပါတယ်။

"ကိုဆိုဗိုက ကျနော်တို့ရဲ့ ပုခက်၊ ကျနော်တို့ရဲ့ အမာခံနယ်မြေ၊ ကျနော်တို့ နိုင်ငံအတွက် အရေးကြီးဆုံးအရာတွေရဲ့ အချက်အချာပါပဲ ... ကင်မရာပေါ်မှာ ကျနော် ဘာကြောင့် ဒီလိုရေးရသလဲဆိုတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်"လို့ အသက် ၃၆ နှစ်အရွယ် တင်းနစ်ကစားသမားက ဒီပြိုင်ပွဲမှာ ဆာ့ဘ်မီဒီယာကို ပြောခဲ့ပါတယ်။

"ကိုဆိုဗိုမှာ ဖြစ်ပျက်နေတာတွေနဲ့ ကျနော်တို့ပြည်သူတွေ မြူနီစပယ်ရုံးတွေကနေ လက်တွေ့ကျကျ နှင်ထုတ်ခံရတာကို မြင်လိုက်ရတာက ဆာ့ဘ်တစ်ယောက်အနေနဲ့ ကျနော့်အတွက် အရမ်းနာကျင်ရတယ်၊ ဒီတော့ အနည်းဆုံး ကျနော် ဒါကို လုပ်နိုင်ခဲ့တယ်"လို့ ဂျိုကိုဗစ်က ဖြည့်ဆွတ်ပြောဆိုခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required