သံတောင်ကြီးမြို့နယ်တွင်  စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၀ နှစ်အောက် ကလေးငယ် ၂ ဦး အပါအ၀င် ၅ ဦး ဒဏ်ရာရ 

By YT (မဇ္ဈိမ)
31 May 2023
သံတောင်ကြီးမြို့နယ်တွင်  စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၀ နှစ်အောက် ကလေးငယ် ၂ ဦး အပါအ၀င် ၅ ဦး ဒဏ်ရာရ 

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်တစ်ဝိုက်တွင် စစ်ကောင်စီတပ်များ​၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ၁၀ နှစ်အောက် ကလေးငယ်နှစ်ဦး အပါအ၀င် ငါးဦးဒဏ်ရာရကာ ဒေသခံများ၏ နေအိမ် နှင့် ဆေးခန်း ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ရှိနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံက သိရသည်။

ယနေ့ မေလ ၃၁ ရက်၊ နေ့လယ် ၁ နာရီ ဝန်းကျင်တွင် သံတောင်မြို့ ၁၃ မိုင်ရှိ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးကျည်များကို ဘောဂလိမြို့အတွင်းဘက်သို့ ပစ်ခတ်ခဲ့ရာ  လက်နက်ကြီးကျည်ထိမှန်၍ ၁၀ နှစ်အအောက် ကလေးငယ်နှစ်ဦးနှင့် မိခင်ဖြစ်သူ ထိခိုက်ဒဏ်ရာရခဲ့ကာ ၎င်းတို့​၏ နေအိမ် ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

" ဘောဂလိမြို့ထဲ မွန်းလွဲတစ်နာရီမှာ စစ်ကောင်စီက လက်နက်ကြီးပစ်ချတယ်။ ကလေးအမေတစ်ယောက်နဲ့ ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်" ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထို့အပြင် ယမန်နေ့ မေလ ၃၀ ရက်နေ့နှင့် မေလ ၂၉ ရက်နေ့ ညနေပိုင်းကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သံတောင်မြို့ ၁၃ မိုင် စစ်ကောင်စီတပ်နှင့် ခုနစ်မိုင်စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သံတောင်မြို့ ၁၃ မိုင်၊ ရပ်ကွက် (၄) တွင် နေထိုင်သော ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ တောင်ငူဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

" ၃၀ ရက်နေ့က စစ်မဖြစ်တော့ဘဲနဲ့ တပ်စခန်းက လှမ်းထုတာ။ ခြောက်ခန်းတွဲ ရပ်ကွက် (၄) ထဲကျပြီး လူငယ်တစ်ဦးကိုထိတယ်။ အဲ့ဒီလူငယ်က ပြင်းထန်ဒဏ်ရာနဲ့ တောင်ငူကို ပို့ထားရတယ်။ အဲ့ဒီလူငယ်ရဲ့ အိမ်ကလည်း ပထမတစ်ခေါက်ပစ်တုန်းက အိမ်ထိထားသေးတယ်။  ၂၉ ရက်နေ့ညက ရပ်ကွက် (၄)က ဒေသခံတစ်ယောက် ဒူးထိတယ်။ သူ့သား နားပင်းသွားတယ်" ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

သံတောင်မြို့ ၁၃ မိုင်တွင် ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်မှစတင်၍ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား  ထိတွေ့ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားလာခဲ့ပြီး သံတောင်မြို့ ၁၃ မိုင် စစ်ကောင်စီတပ်စခန်း၊ ဘုရင့်နောင်တပ်မြို့၊ ခုနစ်မိုင် စစ်ကောင်စီစခန်း၊ ၁၆ မိုင် စခန်း၊ ခလရ-၁၂၄ တို့မှ လက်နက်ကြီးများဖြင့် ကျေးရွာ၊ ရပ်ကွက်များအတွင်း နေ့ညမရွေး ပစ်ခတ်မှုများ ဖြစ်ပွားနေခဲ့ခြင်းဖြစ်သည်။

" ထိတွေ့မှုတွေ ဖြစ်ပြီးသွားတာနဲ့ ခုနစ်မိုင်တပ်စခန်းကုန်းကနေ လက်နက်ကြီးတွေပစ်လို့ ငွေတောင်ကလေးမှာ ဆေးခန်းတွေထိထားတာရှိတယ်။ သံတောင်ကြီး ၁၂၄ တပ်ရင်း၊ ဘုရင့်နောင်တပ်ကနေ လက်နက်ကြီးတွေ ၁၂၀ မမတွေ ပစ်တယ်။ အများကြီးပါပဲ အိမ်တွေထိထားတာလည်းရှိတယ်။ ပျက်စီးသွားတဲ့အိမ်တွေလည်းရှိတယ်" ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

သံတောင်မြို့ တစ်ဝိုက်တွင် စစ်ကောင်စီ​၏ လက်နက်ကြီးကြောင့် ကျေးလက်ဆေးပေးခန်းတစ်ခုပျက်စီးခဲ့ရပြီး ဒေသခံများ​၏ နေအိမ်ပျက်စီးမှုများရှိသော်လည်း လက်ရှိအနေအထားအရ ပျက်စီးမှုအရေအတွက်အား အတည်ပြုရန်ခက်ခဲကြောင်း ဆိုသည်။

သံတောင်မြို့ ၁၃ မိုင်မှ ဒေသခံအများစုသည် နှစ်ဖက်ထိတွေ့တိုက်ပွဲများ၊ စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှု၊ ဒေသခံများအား ဖမ်းဆီးမှုတို့ကြောင့် နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာဒေသများတွင် စစ်ဘေးရှောင်နေကြပြီး ဒေသခံအချို့သာ ၎င်းတို့​၏ နေအိမ်များတွင် ပြန်လည်နေထိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly