မြန်မာနိုင်ငံက ရထားလမ်းစီမံကိန်းအတွက် ဖွံ့ဖြိုးရေး အကူအညီကို ဂျပန် ရုပ်သိမ်း

By The Asahi Shimbun
31 May 2023
မြန်မာနိုင်ငံက ရထားလမ်းစီမံကိန်းအတွက် ဖွံ့ဖြိုးရေး အကူအညီကို ဂျပန် ရုပ်သိမ်း

ပြီးခဲ့သည့် ဆယ်နှစ်တာအတွက် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတအဖြစ် ရှိနေခဲ့သော မြန်မာနိုင်ငံမှ အဓိက ရထားလမ်းစီးမံကိန်းအတွက် တရားဝင် ဖွံ့ဖြိုးရေး အကူအညီ (ODA) ကို ဂျပန်နိုင်ငံက ပြန်လည်ရုပ်သိမ်းပြီ ဖြစ်သည်။

ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရအား ဖြုတ်ချသည့် ၂၀၂၁ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ခြင်းအဖြစ် ယခုကဲ့သို့ ဆုံးဖြတ်ချက် ချခြင်းသည် မြန်မာနိုင်ငံက ရထားလမ်းစနစ်များ အဆင့်မြှင့်တင်ရေးအတွက် ဘဏ္ဍာရေးအကူအညီပေါ် သက်ရောက်မည် ဖြစ်သည်။

ဂျပန်နိုင်ငံသည် အဆိုပါ ရထားလမ်း စီမံကိန်းတွင် ၂၀၁၃ ခုနှစ်အတွင်းက ပါဝင်လာခြင်း ဖြစ်သည်။ တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်နေသော ယန်းငွေ ထပ်တိုး ချေးငှားခြင်းကို ချထားပေးတော့မည်မဟုတ်ကြောင်း ဂျပန်နိုင်ငံက မြန်မာအား ပြီးခဲ့သည့် နွေဦးတွင် အကြောင်းကြားခဲ့သည်။

မြန်မာစစ်တပ်အာဏာပိုင်များက ဧပြီလတွင် အကြောင်းပြန်ပြီး ဂျပန်နိုင်ငံ၏ အခြေအနေကို ၎င်းတို့ နားလည်ကြောင်း ပြောဆိုခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ ရထားလမ်း စီမံကိန်းသည် အခြေခံ အဆောက်အအုံနှင့် ဆက်စပ်သော အကူအညီများ ဂျပန်နိုင်ငံက ပေးနိုင်ရေး အားထုတ်မှုတစ်ရပ်အဖြစ် ရှိနေခဲ့ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်းက ဖိနှိပ်ချုပ်ချယ်သော စစ်အုပ်ချုပ်ရေးကို ကန့်ကွက်ခြင်းအဖြစ် မြန်မာနိုင်ငံအတွက် အခြားသော ODA စီမံကိန်းများကိုလည်း ပြန်လည်သုံးသပ်မည်ဟု မျှော်လင့်ရကြောင်း စောင့်ကြည့်လေ့လာသူများက ပြောသည်။

ယခု စီမံကိန်းတွင် မြန်မာနိုင်ငံ၏ အကြီးဆုံး ရန်ကုန်နှင့် နိုင်ငံအလယ်ပိုင်းက မန္တလေးသို့ ချိတ်ဆက်သော ကီလိုမီတာ ၆၂၀ ရှိ ရထားလမ်း အဆင့်မြှင့်တင်ရေးလည်း အပါအဝင် ဖြစ်သည်။

မြန်မာနိုင်ငံက ရထားလမ်းများနှင့် တံတားများသည် သက်တမ်းကြာမြင့်ပြီ ဖြစ်သောကြောင့် ရထားများ နှောင့်နှေးကြန့်ကြာခြင်းနှင့် လမ်းချော်ခြင်းများ ဖြစ်ပွားသည်။

၂၀၁၁ ခုနှစ်အတွင်း အရပ်သား အစိုးရ အာဏာ ပြန်ရသည့်နောက်တွင် မြန်မာနိုင်ငံက ယန်းချေးငွေ အစီအစဉ်များကို ပြန်လည်စတင်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံက ကြေညာခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ တွင် ရထားလမ်းကွန်ရက် အဆင့်မြှင့်တင်ရေး လေ့လာမှုများကို ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ တွင် စီမံကိန်း စတင်သည်။ ယင်းအတွက် ရထားလမ်းများ၊ တံတားများနှင့် အချက်ပေးစနစ်များကို ပြင်ဆင်ခြင်း၊ အသစ်တပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့သည်။

၂၀၂၀ အထိ စီမံကိန်းအတွက် ဂျပန်ယန်းငွေ ၁၄၂ ဒသမ ၂ ဘီလီယံ ချေးငှားရန် မြန်မာအစိုးရနှင့် သဘောတူညီချက်တစ်ရပ်လည်း ရရှိခဲ့သည်။

စီမံကိန်း ပြီးစီးရန်အတွက် လျာထားသော အချိန် ၂၀၂၄ ဝန်းကျင်တိုင်အောင် လိုအပ်ချက် မြင့်မားနိုင်ခြင်းကြောင့် ယန်းချေးငွေ ပုံစံဖြင့် ပို၍ ရန်ပုံငွေ ချထားပေးခြင်းအတွက် ဂျပန်နိုင်ငံက အသင့်ပြင်ထားခဲ့သည်။

သို့ရာတွင် စီမံကိန်းအား အလုံးစုံ စစ်ဆေးမည်ဖြစ်ကာ အချို့အပိုင်းများကို ပယ်ဖျက်ရန် စဉ်စားသွားမည်ဟု မြန်မာစစ်တပ်ဆီ နိုဝင်ဘာလအတွင်း ဂျပန်နိုင်ငံက အကြောင်းကြားလာခြင်းပဲ ဖြစ်သည်။

အာဏာသိမ်းချိန်မှစကာ မြန်မာနိုင်ငံအား ဂျပန်နိုင်ငံက ယန်းချေးငွေသစ် ချထားပေးခြင်း ဆိုင်းငံ့ထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.asahi.com/ajw/articles/14921224

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly