ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းများမှ ဒုက္ခသည် ၁၁၀,၀၀၀ ကို မှတ်ပုံတင်မတင် ကုလအကူညီဖြင့် မှတ်တမ်းတင်

ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းများမှ ဒုက္ခသည် ၁၁၀,၀၀၀ ကို မှတ်ပုံတင်မတင် ကုလအကူညီဖြင့် မှတ်တမ်းတင်

ထိုင်းနိုင်ငံ၏ နယ်စပ်စခန်း ၉ခုတွင်ရှိသော မြန်မာဒုက္ခသည်များကို ခွဲခြားရန်အတွက် နောက်ဆုံးပေါ် စနစ်တစ်ခုကို ကနဦးစမ်းသပ်သုံးစွဲမှု အောင်မြင်သွားပြီဟု ကုလဒုက္ခသည်အေဂျင်စီက ဇွန်၃၀ရက်နေ့က မီဒီယာထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ယခုနှစ် ဇန်နဝါရီနဲ့ မေလများအတွင်းက ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)နဲ့ ထိုင်းဘုရင့်အစိုးရတို့ ပူးပေါင်းပြီး၊ UNHCR၏ ဇီဝမှတ်ကျောက်ဥပဓိစီမံခန့်ခွဲမှုစနစ်သစ် (biometrics identity management system – BIMS)အကူအညီနဲ့ မြန်မာနိုင်ငံမှ မှတ်ပုံတင်ပြီးနဲ့ မှတ်ပုံမတင်ရသေးသည့် ဒုက္ခသည်ပေါင်း ၁၁၀၀၀၀နီးပါးကို မှန်မမှန် စစ်ဆေးခွဲခြားပြီး မှတ်တမ်းသစ် ပြုစုခဲ့ကြသည်။

ထိုင်းနိုင်ငံကို ကမ္ဘာနှင့်အဝန်း စခန်းလူဦးရေ၏ ဇီဝအချက်အလက်များကို မှမန်မမှန် စစ်ဆေးခွဲခြားသည့် ကနဦးအထောက်အကူစီမံကိန်း၏ ပထမဆုံးနေရာအဖြစ် ရွေးချယ်ထားသည်။ စခန်းများတွင် ပုံမှန်မှတ်ပုံတင်မှုကို ၁၀နှစ်အလွန်ကတည်းက ရပ်ဆိုင်းထားခဲ့ရာ မိသားစုဖွဲ့စည်းပုံ၊ မွေးသေနှင့် လက်ထပ်မှုများအတွက် နောက်ဆုံးသတင်းအချက်အလက်များရရန် အရေးတကြီးလိုအပ်လျှက်ရှိသည်။

‘မြန်မာနိုင်ငံမှာ အခြေအနေတွေက ပြောင်းလဲနေတော့ ဒုက္ခသည်တွေက စခန်းပြင်ပမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြဿနာကို အဖြေရှားလာကြတယ်’’ဟု UNHCR၏ ထိုင်းနိုင်ငံကိုယ်စားလှယ် မီရီး ဂီးရတ်က ပြောကြားခဲ့ပြီး၊ အရေအတွက်အနည်းငယ်က ကိုယ့်နည်းကိုယ့်ဟန်နဲ့ နေရပ်ကို ပြန်စပြုနေပြီလို့လည်း သူမက ဆိုပါတယ်။

UNHCR၏ အင်ဂျီအိုပါ့တနာများ အထောက်အပံ့ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန အရာရှိများနှင့် ပူးတွဲအကောင်အထည်ဖော်သော ကနဦးလှုပ်ရှားမှုတွင် မိသားစုတစ်ခုလုံး၏ ရှိပြီးသား စာရွက်စာတန်းအထောက်အထားများနှင့် ရုပ်ပိုင်းသက်သေခံချက်များကို အသေးစိတ်စစ်ဆေးခြင်းများ ပါဝင်သည်။ စခန်းတစ်ခုစီမှ ဒုက္ခသည်ခေါင်းဆောင်များက လှုပ်ရှားမှုတွင် ဒုက္ခသည်များ ပါဝင်ပူးပေါင်းလာစေရန် အကူညီပေးကြသည်။ အကျိုးရလဒ်မှာ ၁၀နှစ်တာအတွင်း ဒုက္ခသည်လူထုကို စာရင်းဇယားအရေအတွက် ရှုထောင့်မှ ပြန်လည်သုံးသပ်ရန်နှင့် ယခင်ကထက် ပိုမိုကျယ်ပြန့်လွှမ်းခြုံသော ကာကွယ်မှုပေးရန်ပင်ဖြစ်သည်။

ဇီဝမှတ်ကျောက် ဥပဓိစီမံခန့်ခွဲမှုစနစ် (BIMS)ကို UNHCRသမိုင်းတွင် ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်ပြီး၊ ဒုက္ခသည်တစ်ဦးချင်းစီ၏ လက်ဗွေနှင့် သူငယ်အိမ်စကင်ဖတ် အချက်အလက်များကို UNHCR၏ အွန်လိုင်းဒေတာဗေ့စ်ထဲတွင် စုစည်းသိုမှီးထားကာ ကမ္ဘာ၏ မည်သည့်နေရာမှမဆို ပြန်လည်ထုတ်ယူနိုင်မည်ဖြစ်သည်။

‘သူတို့ (ဒုက္ခသည်တွေ)ဟာ ဒီစနစ်ကို ဖြတ်သန်းလိုက်ရုံနဲ့ သူတို့ရဲ့ လက်ဗွေတွေနဲ့ သူငယ်အိမ်တွေကို မှတ်တမ်းတင်လိုက်ပြီဆိုတော့ သူတို့ဘယ်သူတွေလဲဆိုတာ ကျွန်တော်တို့ အမြဲတန်းသိနိုင်နေလို့ ဒီဇီဝမှတ်ကျောက်စနစ်က အနာဂတ်မှာ ဒုက္ခသည်တွေကို အများကြီးအကူအညီပေးနိုင်ပါလိမ့်မယ်’’ဟု ဂျနီဗာမှ UNHCR၏ တွဲဖက် ဇီဝမှတ်ကျောက်စနစ် ဖြန့်ချထားရေးအရာရှိ ဆမ် ဂျက်ဖရီက ပြောကြားခဲ့သည်။ ‘တကယ်လို့ သူတို့ရဲ့ စာရွက်စာတန်းအထောက်အထားတွေ ပျောက်ဆုံးသွားခဲ့ရင်လည်း ကျွန်တော်တို့ဆီ အချိန်မရွေး ပြန်လာတောင်းလို့ ရတာပေါ့’’ဟုလည်း ၎င်းက ပြောကြားသည်။

သို့ရာတွင် ဝန်ထမ်းများနှင့် နည်းပညာကို ထိုင်းနိုင်ငံ၏ အဝေးခေါင်ဆုံးသောနေရာသို့ ဆောင်ယူလာရန်မှာ လမ်းပန်းဆက်သွယ်ရေးအရ စိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။ ဖုန်းနှင့် အင်တာနက် လုံးဝမရှိသည့် ဒုက္ခသည်စခန်းများသို့ ဂြိုဟ်တုစလောင်းကိရိယာများကို အရောက်ပို့ကြရသည်။ UNHCR ဝန်ထမ်း ၇၅ယောက်တို့မှာ မြစ်များကိုဖြတ်၊ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်မှ ကီလိုမီတာ ရာနှင့်ချီသည့် တောင်ပေါ် မြွေလိမ်မြွေကောက်လမ်းများကို ရက်သတ္တ ၁၃ပတ်မျှသောအချိန်အတွင်း ခရီးနှင်ကြရသည်။

ထိုင်းနိုင်ငံအတွင်း မှတ်ကျောက်တင်လှုပ်ရှားမှု၏ အဆုံးတွင်မူ ဒုက္ခသည်များမှာ အင်တာနက်အဆက်အသွယ်မရှိသည့် ဝေးခေါင်သော နေရာများတွင်ပင် UNHCR ကတ်ဖက်စက်များဖြင့် ပြန်လည်ထုတ်ယူနိုင်သော လုံခြုံစွာ ကုတ်ပြုလုပ်ထားသည့် ၎င်းတို့ မိသားစုဝင်များ၏ ဇီဝအချက်အလက်နှင့် ဓာတ်ပုံများပါသော စမတ်ကတ်ကိုယ်စီနှင့် ဖြစ်သွားကြသည်။

‘ဒီကတ်တွေနဲ့ဆိုတော့ ကျွန်တော်တို့ ဆာဗာလို လေးလံကြီးမားတဲ့ ကိရိယာကြီးတွေနဲ့ လျှောက်သွားနေစရာ မလိုအပ်တော့ဘူးပေါ့’’ဟု UNHCR ကိုယ်စားလှယ် ဂီးရတ်က ပြောကြားသည်။ ‘မိမိဆန္ဒအလျောက် ပြန်တဲ့အခါများမှာလည်း၊ အိမ်ပြန်သူတွေ ဘာဖြစ်သွားသလဲ၊ ပြန်လည်ပေါင်းစည်းဖို့ အကူအညီအထောက်အပံ့ရသလားဆိုတာကို မှတ်တမ်းတင်ဖို့ ကွင်းဆင်းတဲ့အခါ မြန်မာပြည်တွင်းက ကျွန်တော့်တို့အဖွဲ့တွေရဲ့ ကျောပိုးအိတ်တွေထဲမှာ ကတ်ဖတ်စက်တစ်ခု ရှိနေလိမ့်မယ်။ ်ကျွန်တော်တို့က ဒီဇီဝမှတ်ကျောက် အချက်အလက်တွေကို အခြား လူသားချင်းစာနာထောက်ထားမှုကူညီသူတွေနဲ့ အာဏာပိုင်တွေထံကို လွှဲပေးမယ်ဆိုရင် သူတို့အနေနဲ့လည်း ဒုက္ခသည်တွေကို လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်မယ်’ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ရတ်ချဘူရီမှ သန်ဟင်းစခန်းတွင် ကရင်ဒုက္ခသည်ကော်မတီအတွက် အလုပ်လုပ်ပေးနေသည့် ဒုက္ခသည်တစ်ယောက်ဖြစ်သည့် ဂျွန်စမစ်ကမူ ‘ဒီမှတ်ကျောက်တင်မှုက ကျွန်တော်အပါအဝင် ဒုက္ခသည်အားလုံးအတွက် အရေးကြီးပါတယ်။ ဒီကတ်က အနာဂတ်မှာ ကျွန်တော့်ဘဝအတွက် အဆုံးအဖြတ်ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်ပြန်ဖို့ အခွင့်အရေးတစ်ခု ရလာခဲ့မယ်ဆိုရင် UNHCR ဒါမှမဟုတ် ထိုင်းအစိုးရကို ပြဖို့ ဒီကတ်က ကောင်းမွန်တဲ့ အထောက်အထားဖြစ်ပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီကတ်ကို အခြားသူတို့ရဲ့ တန်ဖိုးကြီးရတနာတွေနဲ့အတူ လုံလုံခြုံခြုံသိမ်းထားဖို့ ဘဝတူဒုက္ခသည်တွေကို အမြဲတန်းတိုက်တွန်းနေပါတယ်’’ဟု ပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly