ထိုင်းနိုင်ငံ၏ ပို့ကုန်က ၇ လမြောက် ဆက်တိုက်ကျဆင်းနေ 

By Vietnam Plus 
31 May 2023
ထိုင်းနိုင်ငံ၏ ပို့ကုန်က ၇ လမြောက် ဆက်တိုက်ကျဆင်းနေ 
Photo-AFP

ကမ္ဘာ့ဝယ်လိုအား ဆက်လက်နှေးကွေးနေခြင်းကြောင့် ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ဧပြီလအတွင်း၌ ခုနစ်လမြောက် ဆက်တိုက်ကျဆင်းနေပြီး အစောပိုင်းနှစ်ကထက် ၇ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းကြောင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မေ ၃၀ ရက်တွင် ကြေညာသည်။ 

ယခု ကျဆင်းမှုနှုန်းထားသည် ရိုက်တာက စစ်တမ်းကောက်ယူသည့် စီးပွားရေး ပညာရှင်များ၏ ခန့်မှန်းချက် နှစ်ရာခိုင်နှုန်းထက် များစွာ ပိုပြီး မတ်လအတွင်းက ၄ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းထားခြင်း ဖြစ်သည်။ 

ဧပြီလအတွင်းက ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၇၂ ဘီလီယံ ရှိပြီး မတ်လအတွင်းကမူ ၁၂ လအတွင်း အမြင့်ဆုံးအဖြစ် ဒေါ်လာ ၂၇ ဒသမ ၆၅ ဘီလီယံ ရှိခဲ့ခြင်း ဖြစ်ကြောင်း ယင်း ဝန်ကြီးဌာနက ဆိုသည်။ 

နိုင်ငံအနေဖြင့် သွင်းကုန်မှာ တစ်နှစ်ကထက် ၇ ဒသမ ၃ ရာခိုင်နှုန်း ကျုံ့ခြင်းကြောင့် ဧပြီလအတွင်း ကုန်သွယ်မှုလိုငွေသည် ဒေါ်လာ ၁ ဒသမ ၄၇ ဘီလီယံ ပြသနေပြီး ခန့်မှန်ထားသည့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ သန်း ၄၅၀ ထက် ကျော်လွန်ခဲ့သည်။  

ဇန်နဝါရီ-ဧပြီ ကာလတွင်း ပို့ကုန်သည် တစ်နှစ်ကထက် ၅ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းကာ သွင်းကုန်က ၂ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး လိုငွေ ဒေါ်လာ ၄ ဒသမ ၅၂ ဘီလီယံ ရှိခဲ့သည်။ 

နိုင်ငံသည် ပို့ကုန်မှာ အမေရိကန် စီးပွားရေး နှေးကွေးလေးလံခြင်း၊ တရုတ်စီးပွားရေး ဦးမော့မှု နှေးကွေးခြင်းနှင့် ထိုင်းဘတ်ငွေ မတည်ငြိမ်ခြင်းတို့ အပါအဝင် မခန့်မှန်းနိုင်သော အရေးများစွာကို ရင်ဆိုင်နေရကြောင်း ထိုင်းအမျိုးသားကုန်သွယ်မှုကောင်စီ (TNSC) အရ သိရသည်။ 

ထိုအတွက် ယခုနှစ် ဒုတိယနှစ်ဝက်တွင် ပို့ကုန်မြှင့်တင်နိုင်ရေးအတွက် အားထုတ်ရန် လိုအပ်ကြောင်း TNSC က ဆိုပြီး အမေရိကန်နှင့် အီးယူတို့တွင် ဖွံ့ဖြိုးမှုအတွက် အခွင့်အရေးကောင်းများ ရှိနေဆဲဖြစ်သည်ဟု ထပ်လောင်းဖော်ပြသည်။ 

ပို့ကုန်ကဏ္ဍအတွက် စိုးရိမ်စရာအဖြစ်ဆုံးမှာ ထုတ်လုပ်မှုစရိတ် တိုးများလာခြင်း ဖြစ်ကြောင်း ထိုင်ကူးသန်းရောင်းဝယ်ရေးရုံး ဒုတိယဥက္ကဋ္ဌ အရမ်ဝတ်တန်နာနောင့်က ပြောသည်။ ပို့ကုန်သမားများသည် စွမ်းအင်၊ လျှပ်စစ်မီး ကုန်ကျစရိတ်များ မြင့်တက်ခြင်းနှင့် ရင်ဆိုင်နေရပြီး အစိုးရသစ်လက်ထက်တွင် အနိမ့်ဆုံးလစာ မြှင့်တင်လာမည့် ဖြစ်နိုင်ခြေကလည်း ရှိနေသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

https://en.vietnamplus.vn/thailands-export-turnover-declines-for-seventh...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly