ထားဝယ်မြို့တွင် ညကင်းလှည့်နေသည့် စစ်ကောင်စီတပ် ပစ်ခတ်၍ ခွေးစာကျွေးနေသည့် အမျိုးသား ၂ ဦးသေဆုံး

By ကိုရွှေမြိတ်(မဇ္ဈိမ)
31 May 2023
ထားဝယ်မြို့တွင် ညကင်းလှည့်နေသည့် စစ်ကောင်စီတပ် ပစ်ခတ်၍ ခွေးစာကျွေးနေသည့် အမျိုးသား ၂ ဦးသေဆုံး

တနင်္သာရီတိုင်း ၊ ထားဝယ်မြို့ပေါ်တွင် ယမန်နေ့ မေလ ၃၀ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင်  ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်၍ ခွေးစာကျွေးနေသည့် ဒေသခံ အမျိုးသား နှစ်ဦးသေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။ 

ထားဝယ်မြို့နယ်၊ ဇရစ်ရပ်ကွက် နေ အသက် ၂၀ နှစ်နှင့် ၂၀ နှစ် ဝန်းကျင်ရှိ လူငယ် အမျိုးသား နှစ်ဦး သည် ဘုမ္မော်ရပ်ကွက်နှင့် စောမိညိုလမ်းဆုံတွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်ဟု ဘုမ္မော်ရပ်ကွက်နေ ဒေသခံ အမျိုးသား တစ်ဦးက ပြော သည်။

 ဘုမ္မော်ရပ်ကွက်နေ ဒေသခံ တစ်ဦးက“ညက ပစ်ခတ်မှုမှာ သေနတ် အချက်ရေ ၅၀ နီးပါးလောက် ရှိတယ်။  ပေါက်ကွဲသံမျိုးတော့ မဟုတ်ဘူး။ ပုံမှန် နေ့တိုင်း ခွေးတွေ အစာလာကြွေးနေတဲ့ လူငယ် နှစ်ဦးကို ပစ်ခတ်လိုက်တယ်လို့ သိရတယ်”ဟု ပြော သည်။

 ဘုမ္မော်ရပ်ကွက်နှင့် စောမိညိုလမ်းဆုံ တစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ  ကင်းပုန်းဝပ်နေသည့် နေရာလည်း ရှိကြောင်း ဒေသခံများထံက သိရသည်။

“ညဘက် သွားလာသူတွေကို သူတို့ တမင် သက်သက်မဲ့ ပစ်ခတ်တာမျိုးပါ ။ UG တွေလည်း မဟုတ်ပါဘူး”လို့ ထားဝယ်မြို့ခံ နောက် တစ်ဦးက ပြော သည်။

လက်ရှိတွင်သေဆုံးခဲ့သည့် အမျိုးသား နှစ်ဦး၏ အလောင်းကို မိသားစုဝင်များထံ စစ်ကောင်စီက ပို့ဆောင်ပေးခြင်း ရှိ၊ မရှိကို စုံစမ်းနေဆဲဖြစ် သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly