ကျောက်တောင်ဒေသကို စစ်ကောင်စီတပ်ဖွဲ့ ထိုးဖောက်ဝင်ရောက်

By သွင်ထူးဈာန် (မဇ္ဈိမ)
31 May 2023
ကျောက်တောင်ဒေသကို စစ်ကောင်စီတပ်ဖွဲ့ ထိုးဖောက်ဝင်ရောက်

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ ကျားသစ်နက်စစ်ကြောင်းနှင့် ကော်ဘရာစစ်ကြောင်းတို့ ထိန်းချုပ်ရာနေရာဖြစ်သည့် ကျောက်တောင်ဒေသကို မေလ၂၉ရက်နေ့ ညနေ၅နာရီဝန်ကျင်တွင် စစ်ကောင်စီတပ်က ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။ 

“တိုက်ခိုက်ခံရတာက ကာကင်းစခန်းတစ်ခုပါ ။ ကျောက်တောင်ဒေသကို စစ်ကောင်စီဘက်က ထိုးဖောက်ဖို့ နေရာမျိုးစုံကနေဝင်တာပေါ့ ။ ဒီဘက်ကလည်း ထိုးဖောက်လို့မရအောင်ခုခံနိုင်ခဲ့တယ် ။ သူတို့ဝင်လာတာက BGFထိန်းချုပ်တဲ့နေရာဖြစ်တဲ့ လက်ခတ်တောင်နဲ့ မေတ္တာလင်းမြိုင်ဘက်ကနေ တိုးလာတဲ့သဘောပေါ့”ဟု မြေပြင်သတင်းအရင်းအမြစ်ထံက သိရသည်။ 

စစ်ကောင်စီတပ်သည်  အင်အား ၂၀၀ ဝန်းကျင်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး  တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်မှုအချို့ရှိခဲ့ကြောင်းသိရသည်။ထိုစစ်ကောင်စီတပ် စစ်ကြောင်းသည်အထိအခိုက်များကာ ပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့် အခြေအနေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တရား၀င်ထုတ်ပြန်ထားခြင်းမရှိသေးပေ။ 

 “စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ဆက်တိုက်ပစ်တာ စွယ်တော်ကုန်း၊ကြက်ကင်ကုန်း၊လက်ခတ်တောင် အဲ့နေရာကနေ လက်နက်ကြီးနဲ့ပစ်တယ် အခုနောက်ပိုင်း ဒီကောင်တွေက ဒရုန်းတွေသုံးပြီး ဗုံးကြဲတာတွေရှိတယ် ။ ၆၀မမတို့ ၈၁မမတို့မဟုတ်ဘူး ။ အီနာဂါလို ဗုံးသီးအသေးတွေနဲ့ လေးလုံးလောက်ချိတ်ပြီး ပစ်ချတာတွေရှိတယ်”ဟု ရှေ့တန်းရောက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

 အဆိုပါ ကာကင်းစခန်း တိုက်ခိုက်မခံရခင် မေလပိုင်း တတိယပတ်အတွင်း စစ်ကောင်စီ၏ ကင်းထောက်လေယာဉ်များ  အချိန် အတန်ကြာနှစ်ကြိမ် ပျံသန်းခဲ့ကြောင်းသိရသည်။ 

မဲကနယ်ဒေသနှင့် ကျောက်တောင်ဒေသတို့တွင် စစ်ကောင်စီတပ် တပ်မ ( ၄၄) ၊ ခလရ(၂၇၅) ၊ခမရ(၃၅၅) ၊BGF(၁၀၁၉)တပ်ရင်း ၊ခမရ(၁၁၈) ၊သင်္ကန်းညီနောင်ဗျူဟာတို့နှင့် KNU/KNLA,ကော်ဘရာစစ်ကြောင်း၊ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ Federal Wings၊ ရောင်နီတို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ တိုက်ပွဲ နှစ်လတာ ကာလအတွင်း စစ်ကောင်စီတပ်နှင့်BGFမှ အရာရှိများအပါအဝင် ၁၁၄ဦး သေဆုံး၊ ၁၂၉ဦး ဒဏ်ရာရကာ  ၁၁ဦးဖမ်းဆီးခံခဲ့ရကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly