မုံရွာတွင် စစ်ကောင်စီယာဉ်တန်း ပဒေသာမိုင်းဖြင့် ၂ရက်ဆက် တိုက်ခိုက်ခံရ၊ ယနေ့ စစ်ကောင်စီ အင်အားဖြည့်တင်းနေ

By လွှမ်းမိုး (မဇ္ဈိမ)
31 May 2023
မုံရွာတွင် စစ်ကောင်စီယာဉ်တန်း ပဒေသာမိုင်းဖြင့် ၂ရက်ဆက် တိုက်ခိုက်ခံရ၊ ယနေ့ စစ်ကောင်စီ အင်အားဖြည့်တင်းနေ

မုံရွာမြို့မှ ချောင်းဦးမြို့ဘက်သို့ ရိက္ခာပို့သွားသည့် စစ်‌ကောင်စီယာဉ်တန်းကို မုံရွာမြို့ အထွက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ထိခိုက်မှုများခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

မေလ ၂၉ ရက် ညနေ၄ နာရီခန့်က ကားသုံးစီးပါ စစ်ကောင်စီယာဉ်တန်းကို မုံရွာခရိုင် အမှတ်-၅ တပ်ရင်း Aung San Force နှင့် The Brightness အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဟု သိရသည်။

“ ပဒေသာမိုင်းတွေနဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ရန်သူ စစ်ကောင်စီတပ်သားတွေ အထိအခိုက် ရှိနိုင်ပေမဲ့ အသေးစိတ်မသိရသေးဘူး” ဟုAung San Force တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် ဒဏ်ရာရသူများအား စစ်ကောင်စီက အခြားကားတစ်စီးပေါ်သို့ စွဲတင်သွားသည်ကို တွေ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

မေလ ၂၈ ရက် ညကလည်း စစ်ကိုင်းမှ မုံရွာမြို့ဘက်သို့ ထွက်ခွါလာသည့် ကားခုနှစ်စီးပါ စစ်ယာဉ်တန်းကို မုံရွာမြို့ အဝင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု Aung San Forceကဆိုသည်။ ယင်းတိုက်ခိုက်မှုတွင်လည်း ပဒေသာမိုင်းဖြင့် ထိထိမိမိမိုင်းဆွဲနိုင်ခဲ့သည့်အတွက် ကားတစ်စီးပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ အပြင်းထန်ဒဏ်ရာရသွားကြောင်း Aung San Forceက ထုတ်ပြန်ထားသည်။

ထို့အပြင်  မေလ ၂၈ ရက် ညနေက  မုံရွာမြို့အဝင်သို့ ရောက်ရှ်ိလာသော  စစ်ကောင်စီတပ်သားများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ကြား ၁၀ မိနစ်ခန့်ကြာတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်သည် ယနေ့ မေလ ၃၁ရက်နံနက်ပိုင်းတွင် မုံရွာမြို့နယ်အတွင်း ကားနှစ်စီးဖြင့် အင်အားဖြည့်တင်းနေ၍ ပြည်သူများ သတိပြုနေထိုင်ကြရန် မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required