ဖိလစ်ပိုင်တွင် ရေဒီယိုဂျာနယ်လစ် ၁ ဦး အသတ်ခံရ

ဖိလစ်ပိုင်တွင် ရေဒီယိုဂျာနယ်လစ် ၁ ဦး အသတ်ခံရ
Photo-AFP

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းတွင် မေလ ၃၁ ရက်က ရေဒီယို အစီအစဉ် တင်ဆက်ဆွေးနွေးသူတစ်ဦး ၎င်း၏ နေအိမ်အပြင်ဘက်၌ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ထိုဖြစ်စဉ်သည် နိုင်ငံတွင် ဂျာနယ်လစ်များ အသတ်ခံရမှုများ၏ ရှည်လျားသည့်စာရင်းတစ်ခုတွင် နောက်ထပ် ဖြစ်ပေါ်လာသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။

အသက် ၅၀ နှစ်ရှိ ရေဒီယိုဂျာနယ်လစ် ခရီဆန်စီယန်နို ဘန်ဒူကွင်းကို အော်ရီယန်တယ် မင်ဒိုရို ပြည်နယ် ကယ်လာပန်မြို့၌ ဆိုင်ကယ်စီး သေနတ်သမားများက ပစ်သတ်သွားခြင်း ဖြစ်သည်ဟု ရဲမှူးကြီး ဆန်မြူရယ် ဒယ်လိုရီနိုက အေအက်ဖ်ပီကို ပြောသည်။

မနက်အရုဏ်မတိုင်မီ ဖြစ်ပွားသော ထိုတိုက်ခိုက်မှုဖြစ်စဉ်တွင် ကျူးလွန်သူများက အခင်းနေရာမှ ထွက်ပြေးစဉ် ဘန်ဒူကွင်း၏ သားဖြစ်သူက သေနတ်သမားများကို ကားဖြင့် တိုက်ခဲ့၍ ကျူးလွန်သူ သေနတ်သမားတစ်ဦး သေဆုံးခဲ့သည်ဟုလည်း သိရသည်။

“ကျန်တဲ့ တရားခံတစ်ယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ သူ့ကို ဖမ်းမိဖို့ သက်ဆိုင်ရာ တာဝန်သူတွေ လိုက်ရှာနေပါတယ်” ဟု ဒယ်လိုရီနိုက ပြောသည်။

ဖိလစ်ပိုင်သည် ကမ္ဘာပေါ်တွင် ဂျာနယ်လစ်များအတွက် အန္တရာယ်အများဆုံး နေရာများအနက် တစ်ခုဖြစ်ပြီး သတ်ဖြတ်မှုကျူးလွန်သူ အများစုမှာ မကြာခဏဆိုသလို ပြစ်ဒဏ်ပေးခြင်းမခံရဘဲ လွတ်မြောက်နေမှုများ ရှိနေသည်။

မြို့တော် ပြင်ပမှ ရေဒီယို ဟောပြောဆွေးနွေးသူများလည်း မကြာခဏဆိုသလို ပစ်မှတ်ထားခြင်းခံခဲ့ရသည်။

ဘန်ဒူကွင်းသည် ရေဒီယိုအသံလွှင့်ဌာန 101.7 DWXR နှင့် ဖေ့ဘွတ်ခ်ပေါ်တွင် အစီအစဉ်တစ်ခုကို အစီအစဉ်မှူးဖြင့် တင်ဆက်ခဲ့သူဖြစ်ကြောင်း အသံလွှင့်ဌာန မန်နေဂျာ ဂျက်စတာ ယိုကွင်းက ပြောပြီး ဘန်ဒူကွင်းသည် ပြည်တွင်းအရေးကိစ္စများကို ထိထိမိမိ တင်ဆက်နိုင်သူဖြစ်သည်ဟုလည်း ပြောသည်။

ထို့ပြင် ဘန်ဒူကွင်းသည် မကြာသေးခင်က ပြည်နယ်အပေါ် ထိခိုက်စေသည့် ဆီယိုဖိတ်မှုကိစ္စ၊ တရားမဝင် လောင်းကစားမှုများနှင့် နိုင်ငံရေးနှင့်ပတ်သက်၍ ဟောဟောဒိုင်းဒိုင်း ပြောဆိုထားခဲ့သူလည်း ဖြစ်သည်။

“သူ ခြိမ်းခြောက်ခံနေရတယ်လို့တော့ အရင်ကတော့ ကျွန်တော့်ကို ပြောတယ်။ ဒါပေမယ့် အတိအကျတော့ ထပ်မပြောပါဘူး” ဟု ယိုကွင်းက အေအက်ဖ်ပီကို ပြောသည်။

ဘန်ဒူကွင်းတွင် ရန်သူ သို့မဟုတ် ပုဂ္ဂိုလ်ရေး အချင်းများမှု ရှိသလား ဆိုပြီး ရဲများက စုံစမ်းစစ်ဆေးနေသည်ဟုလည်း ၎င်းက ပြောသည်။

ယခု အသတ်ခံရသည့် ဘန်ဒူကွင်းသည် ဖိလစ်ပိုင်တွင် လက်ရှိသမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ ယမန်နှစ် ဇွန်လက ရာထူးတာဝန်စယူပြီးနောက်ပိုင်း အသတ်ခံရသည့် တတိယမြောက် ဂျာနယ်လစ် ဖြစ်သည်။

Radio broadcaster killed in the Philippines: police
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly