အပျော်စီး သင်္ဘောကြီးနောက်ကို လက်ပစ်ကူးလိုက်ဖို့ ကြိုးစားတဲ့ အာဂဖွားဖွား

အပျော်စီး သင်္ဘောကြီးနောက်ကို လက်ပစ်ကူးလိုက်ဖို့ ကြိုးစားတဲ့ အာဂဖွားဖွား

မာဒေးရာ၊ မတ် ၂၈ ။            ။ အသက် ၆၅ နှစ်အရွယ် ဗြိတိတသျှ အာဂဖွားဖွားတစ်ယောက်ဟာ ဆိပ်ကမ်းကနေ ထွက်ခွာ သွားပြီဖြစ်တဲ့ အပျော်စီး သင်္ဘောကြီးနောက်ကို လက်ပစ်ကူးပြီးလိုက်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒေသတွင်း မီဒီယာတွေမှာ ဆူဆန်ဘရောင်းလို့ ဖော်ပြနေတဲ့ အဲဒီဖွားဖွားဟာ သူ့ရဲ့ လက်ပွေ့ အိတ်ကို ပိုက်ပြီး ရေခဲမတက် အေးစက်နေတဲ့ အတ္တလန်တစ် သမုဒ္ဒရာထဲကို ခုန်ချကာ ပေါ်တီဂီနိုင်ငံ၊ မာဒေးရာဆိပ်ကမ်းကနေ ထွက်ခွာသွာတဲ့ အပျော်စီးသင်္ဘောကြီးနောက် လက်ပစ်ကူးပြီးလိုက်ဖို့ ကြိုးစားခဲ့တာပါ။

အဲဒီအာဂဖွားဖွားဟာ သူမရဲ့ခင်ပွန်းဖြစ်သူနဲ့ အပန်းဖြေခရီးကနေ မူလစီစဉ်ထားတာထက် ရက်လျှော့ပြီး အိမ်ပြန်တော့မယ်ဆိုပြီး လေဆိပ်ကို ရောက်ပြီးနေကာမှ စိတ်ပြောင်းသွားကာ အပျော်စီး သင်္ဘောကြီးစီးနင်းဖို့ ပြန်လာတာလို့ ယူဆရပါတယ်။

ဒါပေမဲ့ နောက်ကျသွားတဲ့အတွက် သူမဆိပ်ကမ်းကို ရောက်တဲ့အချိန်မှာ သင်္ဘောကြီး ထွက်ခွာ သွားတာကိုသာ မြင်တွေ့လိုက်ရတာကြောင့် ရေထဲကိုခုန်ချကာ လက်ပစ်ကူးပြီးလိုက်ဖို့ ကြိုးစားခဲ့ ပါတယ်။

ဒါပေမဲ့ စိတ်သွားသလောက် ကိုယ်မပါနိုင်တော့တဲ့ အာဂဖွားဖွားခမျာ အပျော်စီးသင်္ဘောကြီးကို မမီဘဲ ဆိပ်ကမ်းကနေ မီတာ ၅၀၀ အကွာလောက် ရေပြင်မှာ မျောနေခဲ့တာကြောင့် ငါးဖမ်းသမား တွေက ကယ်ဆယ်ခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ အာဂဖွားဖွားဟာ ကိုယ်အပူချိန် အလွန်အမင်း ကျဆင်းတဲ့ ဝေဒနာ ခံစားနေရပြီး ဆေးရုံမှာ ကုသမှု ခံနေရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly