ပျော်ရွှင်ဖွယ် စစ်တမ်းများ

ပျော်ရွှင်ဖွယ် စစ်တမ်းများ

မောင်မှန်တို့ရဲ့ ကဗျာဆရာကြီး မောင်ချောနွယ်က ပျော်ရွှင်မှုကို ဒေါ်ကျင်ပုမှာ ရှာမယ်လို့ သူ့ ကဗျာတစ်ပုဒ်ထဲ ထည့်သွင်း ရေးဖွဲ့ခဲ့ဖူးပါတယ်။ ဒေါ်ကျင်ပုဆိုတာ ကျောက်မြောင်းထဲက ဝါရွှေရည် ဆိုင်တစ်ဆိုင်ရဲ့ အမည်လို့ ဓာတ်သိတစ်ယောက်က မောင်မှန်ကို ပြောပြခဲ့ဖူးရဲ့။ ကိုချောဟာ ဒေါ်ကျင်ပုဆိုင်မှာ အခိုက်အတန့် ပျော်ရွှင်မှုကိုတော့ ရခဲ့မှာပါ။ ပြည့်စုံတဲ့ ပျော်ရွှင်မှုကိုတော့ ကွယ်လွန် သည်ထိ မရသွားခဲ့တာ သေချာပါတယ်။ ကိုချောရေ.....မောင်မှန်တို့ ပြည်သူတွေလည်း ပျော်ရွှင်မှုဆီ သွားတဲ့ ဝင်္ကပါထဲမှာ ခုထိ ချာချာလည်တုန်းပါ။ ရှာပုံတော်မင်းသားကြီးတွေ ဖြစ်ခဲ့ရတာ ကြာပါပေါ့ခင်ဗျာ။

မက်လ ၁၆ ရက်နေ့မှာ ကမ္ဘာ့ ကုလသမဂ္ဂက အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ကမ္ဘာ့ပျော်ရွှင်မှုဆိုင်ရာ အစီရင်ခံစာတဲ့။ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၇ နိုင်ငံရဲ့ ပြည်သူတွေ ပျော်ရွှင်မှုကို အဆင့်ခွဲခြား သတ်မှတ်ပေးထားတဲ့ အစီရင်ခံစာပေါ့။ ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံက ဒိန်းမတ်တဲ့၊ မောင်မှန်တို့ကတော့ အဆင့် ၁၁၉ ချိတ်ပါတယ်။ ဘာမှ အားငယ်စရာ မရှိပါဘူး။ ကိုယ့်အောက်မှာ ၃၈ နိုင်ငံတောင် ကျန်သေးတာပါ။ နောက်ပြီး ဒီအစီရင်ခံစာက စိတ်ချရရဲ့လားလို့လည်း ထင်မိသေးတယ်။ စဉ်းစားကြည့်ကြပါခင်ဗျာ။

မောင်မှန်တို့ လူမျိုးဟာ အင်မတန်ပျော်တတ်ပါတယ်။ မွေးကတည်းက ပျော်လာလိုက်တာ သေတော့တောင် ဒိုးပတ်ဝိုင်းလေးနဲ့ မသာချတာပါ။ ဆယ့်နှစ်လရာသီလုံးလုံးလည်း ပွဲလမ်းသဘင်တွေနဲ့ပါ။ လွှတ်ပျော် ဇွတ်ပျော်တဲ့ လူမျိုးပါ။ ပျော်စရာမရှိရင် ကိုယ့်ကိုကိုယ် ကလိထိုးပြီး ပျော်ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်ကိုပဲ ကြည့်၊ စိတ်ညစ်စရာတွေ ဘယ်လောက်ရှိတယ်ပြောပြော၊ အစိုးရရဲ့ အပြောအဆိုတွေကြောင့် ပျော်သလော်ကတော့ ပျော်ခဲ့ကြရတာပဲ မဟုတ်လား။ နောက်ဆုံး ကိုယ့်ကို ကိုယ် ကလိမထိုးနိုင်တော့ရင် အစိုးရများက ပြည်သူတွေကို ကလိထိုး ပျော်ရွှင်စေတဲ့ နိုင်ငံမျိုးပါ။

ဒီလိုနိုင်ငံမျိုးဟာ တကယ်တော့ ဒိန်းမတ်ရဲ့ အပေါ်မှာ ရှိသင့်တာပါ။ ၁၁၉ ဆိုတော့လည်း စိတ်မချပေမယ့် ကျေနပ်လိုက်ပါတယ်။ ဒီပျော်ရွှင်မှု စစ်တမ်းကို ကောက်ယူထုတ်ပြန်ရာမှာ အချက် ခြောက်ချက် အပေါ် အခြေခံခဲ့ပါသတဲ့။ အဲ့ဒီခြောက်ချက်က တစ်ဦးချင်း နှစ်စဉ်ဝင်ငွေ၊ လူမှုထောက်ပံ့မှု၊ လူ့သက်တမ်း၊ လူမှုလွတ်လပ်ခွင့်၊ ရက်ရောမှုနဲ့ ခြစားမှုမှ ကင်းရှင်းမှု စတာတွေပါ။ မောင်မှန်တို့ရဲ့ တစ်ဦးချင်း နှစ်စဉ်ဝင်ငွေကတော့ သိတဲ့အတိုင်းပဲ။ ထုတ်ဖော်ပြောဆိုဖို့တောင် ခပ်ခက်ခက်။ ကုန်ဈေးနှုန်းကလွဲပြီး အားလုံး အဝိဇိဆိုက်ဆင်းနေတဲ့ နိုင်ငံ။ လူမှုထောက်ပံ့မှုဆိုလည်း စရိတ်မျှပေး ကျန်းမာရေးဆိုတာတောင် မောင်မှန်တို့အဖို့ အတော်ဟုတ်နေပြီ။ ကျော်သူကားပေါ်လာတာကိုပဲ ကျေနပ်လှပြီ။ (တကယ်တော့ နာရေးကူညီမှုအသင်းဆိုတာ NGO ပါ၊ အစိုးရ မဟုတ်ပါဘူး။) လူ့သက်တမ်းကတော့ ကင်ဆာတို့ တီဘီတို့ ဘီပိုး၊ စီပိုးတို့နဲ့ စစ်ခင်းရင်း ပျမ်းမျှသက်တမ်း ၆၀ ကျော် ဆိုလားပဲ။ လူမှုလွတ်လပ်ချက်ကတော့ နိုင်း(9)လောက်မက၊ နှစ်ဆ (၁၈) လောက်ရှိပါတယ်။ ပုဒ်မ ၁၈ နဲ့ ၅၀၅(ခ)ကို အလှူကြီးပေးပြီး ပြည်ပကိုကျ တောပြုတ်တောင်ပြုတ် သယံဇာတ အငုတ်တောင် မကျန်အောင် မလှူတတ် ဈေးရောင်းသူတို့ အိတ်ဖောင်းပြီး ပြည်သူ သူတောင်းစားဘဝ ရောက်ခဲ့ရ တယ်။

ပဒေသရာဇ်ခေတ်က ဝေဿန္တရာမင်းကြီး (ဘုရားအလောင်းတော်)တောင် အများပြည်သူ မကြည်ဖြူဘဲ ဆင်ဖြူတော်ကို တိုင်းတပါးလှူမိတဲ့အတွက် ပြည်သူတွေက ဝိုင်းဆန္ဒပြပြီး နန်းတွင်း ကနေ မြို့ရပ် အနှင်ခံရဖူးပါတယ်။ ဒီမိုကရေစီခေတ်မှာတော့ ဘယ်လောက်ဆန္ဒပြပြ ဘာမှ ဖြစ်မလာပါဘူး။ ဘယ်မှလည်း ထွက်မသွားပါဘူး။ ထွက်သွားချင်ထွက်သွား ပြည်သူတွေပဲ သွားရမှာပါ။ (ဝေဿန္တရာမင်းကြီး အလှူပေးတုန်းကတော့ မဟာပထဝီမြေကြီးက အိုးထိန်းစက်လို ချာချာလည်ပါ တယ်။ အခုအစိုးရမင်းရဲ့ အလှူကြီးမှာတော့ ပြည်သူတွေ ချာချာလည် ကျန်ခဲ့ပါတယ်။) နောက်ဆုံးအ ချက်က ခြစားမှုမှ ကင်းရှင်းမှုတဲ့။ ကင်းရှင်းချက်ကတော့ အထူးပြောနေစရာတောင် မလိုတော့ပါဘူး။ မောင်မှန်တို့ဟာ စစ်တမ်းကောက်တဲ့ ခြောက်ချက်နဲ့ အဲ့သလိုကို ပြည့်စုံ ညီညွတ်တာပါခင်ဗျာ။

ကဲ ခုတစ်ခါ ပျော်စရာကိန်းဂဏန်းလေးတွေဘက် လှည့်လိုက်ကြပါဦးစို့။ (နှစ်လုံး၊ သုံးလုံး ကိစ္စလို့ အထင်မလွဲလိုက်ပါနဲ့။ မဟုတ်ပါဘူး။ မောင်မှန် ဂဏန်းမပေးတက်ပါဘူး) နောက်ထပ် စစ်တမ်းတစ်ခု ပါ။ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန(MCRB) (သူ့နာမည်ရေးရတာ အတော်ညောင်းပါတယ်။ နောင်ကို အတိုပဲ ရေးပါမယ်။)က ကောက်ယူ ထုတ်ပြန်တဲ့ စစ်တမ်းပါ။ ဗမာပြည်သူတွေရဲ့ နေ့စဉ်ဘဝ လာဘ်ပေးရမှုတွေကို ပြုစုထားတာပါ။ ပြည်သူတွေဆီက နိစ္စဓူဝ လာဘ်အရဆုံး ဇယားထိပ်မှာ နေရာယူထားတဲ့ အသင်းနှစ်သင်းကတော့ မြို့တော်စည်ပင်နဲ့ လူဝင်မှု ကြီးကြပ်ရေးပါတဲ့ ခင်ဗျာ။ ရာခိုင်နှုန်းအားဖြင့် ၂၄ ရာခိုင်နှုန်းပါတဲ့။ ယာဉ်ထိန်းရဲတွေကလည်း ဇယားထိတ်နားမှာပါပဲ။ ၂၁ ရာခိုင်နှုန်းတဲ့။ ကျန်တဲ့ အစိုးရတင်ဒါ၊ ဝန်ကြီးဌာန၊ ဝင်ငွေခွန် စတာတွေမှာ လာဘ်ပေးရတဲ့ ရာခိုင်နှုန်းကလည်း မနည်းလှပါဘူး။ ဒါပေမဲ့ အဲဒါတွေက မောင်မှန်တို့ အခြေခံပြည်သူတွေနဲ့ အလှမ်းဝေးလှတဲ့အတွက် ထည့်သွင်း မဆွေးနွေး တော့ပါဘူး။

မြို့တော်သိန်းအောင်တို့ မြို့တော်ပေါစံတို့ မြို့တော် မောင်ယဉ်အောင်တို့က ညဘက်ဇာတ် ကမှ ပုံးတွတ်(ထမင်းစား)ကြရတာ၊ မြို့တော်စည်ပင်ကျတော့ ဒီလို မဟုတ်တော့ဘူး။ နေ့ဘက်ကပြီး ဝမ်းစာရှာတာ၊ နေ့ပွဲတွေပေါ့။ နေ့ဘက်မှာ ဆိုင်ကယ်နဲ့ ရပ်ကွတ်ထဲလှည့်၊ ခြံစည်ရိုးခက်မလား၊ အိမ်ပြင်မလား၊ အဖီထုတ်မလား၊ လာထားပဲ။ (မလာထားရင် ခွင့်ပြုချက်မတင်တဲ့ ကိစ္စက နိုင်ငံတော် ပုန်ကန်မှုလောက် ဖြစ်သွားနိုင်တယ်) လမ်းဘေးဈေးလား၊ ဈေးကောက်လာထားပဲ၊(ဖမ်းတာက တစ်ဖွ့သကတ်သတ်) ရေနဲ့ မလ္လာကလည်း လာထား၊ အထပ်မြင့် တိုက်ဆောက်ချင်သလား လာထားပဲ၊ လာထားတွေ အခါများလာတော့လည်း ပြည်သူတွေခမျာ ရုပ်ကလာပ်က စုတ်ပြတ်ရပြီပေါ့။

လဝက ကလည်း ဒီအတိုင်းပဲ။ မှတ်ပုံတင်လား လာထား၊ ပုံစံ ၁၀ လား လာထား၊ ခိုးဝင်မလား လာထားပဲ၊ မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်လို့ ကြွေးကြော်တာက တစ်ဖွဲ့၊ မှတ်ပုံတင် တွေ ဒလမန်းကြမ်း ထုတ်ပေးတာက တစ်ဖွဲ့ပါ။ လတ်တလောပဲ ကြည့် ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညဲဒေသက တရုတ်စကားပြောတဲ့ မုန်းဝန်းတရုတ်ဆိုတဲ့ လူတွေကို သောင်းနဲ့ချီပြီး လဝကက ဗမာမှု ပြုပေး ခဲ့ပါပြီ။ ဒါက တိုက်ရိုက်လာဘ်ရကောင်းမှ ရမှာဖြစ်ပေမယ့် အာဏာပိုင်အမိန့်ကို ကောင်းစွာ နာခံရတဲ့အတွက် သွယ်ဝိုက်လာဘ်တော့ ရရှိမှာ သေချာပါတယ်။

ဒီ(MCRB)ရဲ့ စစ်တမ်းကို ပေါ့ပေါ့ဆဆ မမှတ်ကြစေလိုပါ။ ပြည်တွင်းစစ်တမ်းတွေရဲ့ သဘော ဟာ လိုရာဆွဲတက်တဲ့ သဘောရှိပေမယ့် MCRB စစ်တမ်းဟာ လက်တွေ့နဲ့ ချိန်ထိုးကြည့်ဖို့ အင်မတန် လွယ်ကူတာကို တွေ့ရမှာ ဖြစ်ပါတယ်။ စစ်တမ်းကောက်ယူခဲ့တဲ့ ဆွေးနွေးပွဲ ခေါင်းစဉ်ကိုလည်း ကြည့်ဦး။ "မြန်မာနိုင်ငံတွင် ပြောင်းလဲမှု ဖြစ်ပေါ်စေခြင်း၊ စီးပွားရေးလုပ်ငန်းများတွင် အဂတိလိုက်စား မှုများကို မည်သို့ တိုက်ဖြတ်ရမည်ကို လက်တွေ့ကျစွာ ဆွေးနွေးမည့် အလုပ်ရုံဆွေးနွေးပွဲ" တဲ့။ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ အမေရိကန် NED က ကြီးမှူးပြီး IRI က ကောက်ယူခဲ့တဲ့ ပြည်တွင်းစစ်တမ်း တစ်ခုနဲ့တော့ ကွာချင်တိုင်းကို ကွာနေတာ့တာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly